ဧရာဝတီတိုင်မ်း
(မတူပီ)၊ နိုဝင်ဘာလ ၃၀ ရက်
ချင်းပြည်နယ်၊ မတူပီမြို့၊ ခလရ ၃၀၄ အနီးတွင် နိုဝင် ဘာလ ၂၉ ရက်နေ့က လင်မယားနှစ်ဦးမိုင်းနင်းမိပြီး ၎င်းနေရာတွင် အမျိုးသားဖြစ်သူသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
မတူပီမြို့၊ လောင်ဗန်းရပ်ကွက်တွင် နေထိုင်သော ဦးရာလ်ညပဲန်းနှင့် ၎င်းဇနီးတို့မှာ စစ်ကောင်စီ၏ ခလရ (၃၀၄)တပ် အနီးရှိ ၎င်းတို့ ခြံသို့ သွားရောက်စဥ် မိုင်းနင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
“ခလရ ၃၀၄ အနီးမှာရှိတဲ့ သူတို့ခြံကို လင်မယားနှစ်ယောက်စလုံး သွားတဲ့အခါမှာ မိုင်းနင်းမိတာပါ။ ခြံသွားရင်း သူတို့မွေးထားတဲ့ နွားနောက်ကိုလည်း သွားကြည့်မယ်ပြောတယ်။ သူမွေးထားတဲ့ နွားနောက်တွေလည်း ခြံအနီးမှာပဲ ကျက်စားနေကြတာ။ သူတို့ခြံက မြို့နဲ့လည်း နီးတော့ မကြာခဏသွားနေကျဆိုတော့ ခြံသွားလမ်းမှာ အခုလို မိုင်းတွေရှိမယ်မှန်း ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါမြေမြှုပ်မိုင်းနင်းမိမှုကြောင့် သွေးထွက်လွန်ကာ အခင်းဖြစ်သည့်နေရာတွင် အမျိုးသားသေးဆုံးသွားပြီး ၎င်းဇနီးလည်း ဒဏ်ရာအပြင်းအထန်ရရှိကာ မတူပီမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
မိုင်းနင်းမိပြီး သေဆုံးသွားသော အသက် (၅၆)နှစ်အရွယ် ဦးရာလ်ပဲန်းသည် မတူပီမြို့၊ ဆက်သွယ်ရေးဌာနတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ကွယ်လွန်ချိန်တွင် သား ၂ ယောက်နှင့် ဇနီး ကျန်ရစ်ခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း မတူပီမြို့၊ အရှေ့ခိုဘွေရပ်ကွက်တွင်နေထိုင်သော ဒေသခံအမျိုးသား ၁ ဦး လည်မျိုချောင်းအနီးရှိ ၎င်းဝဥခြံသို့ ပေါင်းရှင်းနေစဥ် စစ်ကောင်စီတပ်များထောင်ထားသော မိုင်းနင်းမိပြီး သွေးထွက်လွန်ကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
#မတူပီ #စစ်ကောင်စီ #မြေမြှုပ်မိုင်း #ဒေသခံ #လင်မယား #အမျိုးသား #သေဆုံး
#Ayeyarwaddy_Times