နွေဦး/ဧရာဝတီတိုင်းမ်
(မြဝတီ)၊ နိုဝင်ဘာလ ၃၀ ရက်
ပြီးခဲ့ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီက ကရင်ပြည်နယ်အတွင်းက KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ သေ့ဘောဘိုးကျေးရွာတဝိုက်က စခန်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ပြီးလို့ ထုတ်ပြန်ကြေညာအပြီး ဒေသခံစစ်ဘေးရှောင်တွေကို ပြန်လာနေထိုင်ဖို့အတွက် ခေါ်ယူတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က ဝါဒဖြန့်မီဒီယာတွေမှာရော မြေပြင်မှာပါ ခေါ်ယူတာတွေပြုလုပ်နေပေမယ့် စစ်ဘေး ရှောင် ဒေသခံတွေအနေနဲ့ စစ်ကောင်စီအပေါ် အယုံအကြည် မရှိတာကြောင့် ပြန်လာတဲ့သူ မရှိသလောက် နည်းပါနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဘယ်လိုလုပ်ပြီး ပြန်ရဲမှာလည်း သူတို့က မထင်ရင် မထင်သလို လေယာဉ်နဲ့ ဗုံးကြဲနေတာ လက်နက်ကြီး တွေနဲ့လည်း ရွာတွေဘက်ရမ်းသမ်းပစ်တာတွေရှိတော့ ဘယ်သူမှ ပြန်မသွားရဲဘူး ဖြစ်နေတာ”လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က သေ့ဘောဘိုးစခန်းကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီလို့ သတင်းလွှင့်ကာ ဒေသခံစစ်ဘေးရှောင်တွေကို ပြန်လည်ခေါ်ယူနေပေမယ့် တိုင်းရင်းသားစစ်ဘေးရှောင်တွေအနေနဲ့ လေယာဉ်နဲ့ ဗုံးကြဲမှာကို ကြောက်တာကြောင့် ပြန်တဲ့သူမရှိသလောက်နည်းပါးနေတာလို့ စစ်ဘေးရှောင် တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်း မြေပြင်ကရော ဝေဟင်ကပါ အင်အားအလွန်အကျွံသုံးပြီး ထိုးစစ်တွေပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၁ သိန်းနီးပါးထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
#KNU #စစ်ဘေးရှောင် #စစ်ကောင်စီ #အယုံအကြည်မရှိ
#Ayeyarwaddy_Times