နွေဦး/ ဧရာဝတီတိုင်းမ်
(မအူပင်)၊ နိုဝင်ဘာလ ၃၀ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီသတင်းပေးတွေနဲ့ စစ်ကောင်စီလက်အောက်ခံရဲတွေက ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံရဲတွေနဲ့ သတင်းပေးဒလန်တွေက ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို လမ်းကြိုလမ်းကြားတွေထိ စောင့်ဖမ်းတာတွေပြုလုပ်လာသလို ဒေသခံတွေက ရှောင်တိမ်းတဲ့အခါ နေအိမ် တွေအထိပါလိုက်လံဖမ်းဆီးတာတွေပြုလုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ခုက မြို့မှာ ဆိုင်ကယ်ဖမ်းနေတာက ယာဉ်စည်းကမ်းလမ်းစည်းကမ်းကြောင့် ဖမ်းတာမျိုး မဟုတ် တော့ဘူး ဓါးမြတိုက်သလို ဖြစ်နေတာ ယာဉ်ထိန်းတွေလည်းမပါဘူး ဒလန်တွေနဲ့ နယ်ထိန်းတွေ ပေါင်းဖမ်း နေတာ လမ်းကြိုးလမ်းကြားတင်မဟုတ်တော့ဘူး နေအိမ်တွေထိလိုက်ဖမ်းနေတာ”လို့ ဒေသခံ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က နယ်ထိန်းတွေနဲ့ သတင်းပေးဒလန်တွေက မအူပင်မြို့မှာ နေ့စဉ် ဆိုသလို ဆိုင်ကယ်တွေ အစီးရေ ၁၀၀ နည်းပါး ဖမ်းဆီးပြီး စီးပွားရှာတဲ့ပုံစံမျိုးလုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံရဲတွေနဲ့ သတင်းပေးဒလန်တွေက ဆိုင်ကယ်တွေဖမ်းဆီးတဲ့အခါ ၁ စီးကို အနည်းဆုံး ၃ သောင်းကနေ ၁ သိန်းကြား တောင်းယူလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#မအူပင် #ဆိုင်ကယ် #စစ်ကောင်စီ #သတင်းပေး
#Ayeyarwaddy_Times