ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၉ ရက်

KNU တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင်တွင် သိမ်ဇရပ် ရဲစခန်းမှ နိုဝင်ဘာလ (၂၆) ရက်နေ့ညနေ (၆)နာရီ (၃၀)မိနစ်တွင် လက်နက်ကြီး(၄၀မမ) ဖြင့်ပစ်ခတ်မှုကြောင့်
သိမ်ဇရပ်မြို့၊ အမှတ် (၃) ရပ်ကွက်ကြီ၊ တောင်တခြမ်းရပ်ကွက်၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်(၂) ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့ကာ လူနေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

သိမ်ဇရပ် ရဲစခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးမှာ တောင်တခြမ်းရပ်ကွက်ရှိ ဦးကျော်တင့်၏ နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီးနေအိမ်ပျက်စီးကာ ဦးကျော်တင့်၏ အသက် (၈) နှစ်အရွယ် မောင်မြင့်မြတ်နှင့် တစ်ဝမ်းကွဲညီအကို တော်စပ်သူ (၈)နှစ်အရွယ် မောင်သန့်စဉ် တို့(၂) ဦးအားလက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မောင်မြင့်မြတ်မှာ ဒဏ်ရာမစိုးရိမ်ရသဖြင့် သိမ်ဇရပ်ဆေးရုံတွင်ဆေးဝါးကုသမှုခံယူနေပြီး မောင်သန့်ဇင်မှာစိုးရိမ်ဒဏ်ရာဖြင့် ပဲခူးမြို့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

” ရဲစခန်းက လက်နက်ကြီးပစ်တာ ရပ်ကွက်ထဲကအိမ်ပေါ်ကျပြီး ထမင်းစားနေကြတဲ့ ကလေးငယ်(၂)ယောက် ဒဏ်ရာရတယ် (၁) ယောက်ကတော့ စိုးရိမ်ရတယ်၊ မပေါက်ကွဲတဲ့ (၄၀ မမ) ကျည်ဆံတစ်လုံးလဲ လူနေအိမ်နားကျတယ်” ဟု ဒေသခံအရပ်သားတစ်ဦး၏ ပြောဆိုချက်အား ကိုးကား၍ KNU က သတင်းထုတ်ပြန်ထားသည်။

သိပ်ဇရပ်ရဲစခန်းမှ မကြာခဏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်လျှက်ရှိပြီး အရပ်သားပြည်သူများအပေါ် မတရားဖမ်းဆီးမှုများလုပ်ဆောင်လျှက်ရှိရာ ရဲစခန်းအနီးရှိပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်။

#သိမ်ဇရပ် #ရဲစခန်း #လက်နက်ကြီး #ကလေးငယ် #ကလေးငယ် #ဒဏ်ရာရ
#Ayeyarwaddy_Times