ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃၀ ရက်
ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင် လမ်းပိုင်း ရန်ကုန်အဝင် ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်အား ဖြတ်သန်းနိုင်ရန်အတွက် နေ့စဥ် ၁၀ နာရီကျော်ကြာသည်အထိ မော်တော်ယာဥ်များ တန်းစီစောင့်ဆိုင်းနေရကြောင်း ဒေသခံများထံမှ သိရသည်။
ယခင်က ၄ နာရီကျော်ကြာအောင်သာ တန်းစီစောင့်ဆိုင်းရလေ့ရှိသော်လည်း နိုဝင်ဘာလအတွင်းက စတင်ကာ မော်တော်ယာဥ်များအနေဖြင့် ၁၀ နာရီကျော်ကြာသည်အထိ တန်းစီစောင့်ဆိုင်းနေရ ခရီးသွားပြည်သူအချို့က ပြောသည်။
“အရင်က ၄ နာရီကျော်လောက် တန်းစီရတယ်။ ခုက ၁၀ နာရီကျော်တယ်။ မနက် ၉ နာရီက တန်းစီလိုက်တာ ည ၁၀ နာရီမှ ညောင်ခါးရှည်က ဖြတ်ရတယ်။ ကားတန်းက တော်တော်ရှည်တယ်။ မျက်စိတစ်ဆုံးပဲ။ မနက် ၁၀ နာရီကရောက်တာ ည ၇ နာရီကျော်မှ ဖြတ်ရတယ်”ဟု ခရီးသွား ပြည်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းကဲ့သို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရမှုကြောင့် ခရီးသည်တင်ကားများမှာလည်း ရာနှင့်ချီသည့် ကားတန်းကြီးဖြင့် တန်းစီစောင့်ဆိုင်းရသည့်နေရာ၌ပင် ညအိပ်စောင့်ဆိုင်းနေရကြောင်း သိရသည်။
“အဲ့ကို ဖြတ်ဖို့ အချိန်တော်တော်ပေးရတယ်။ ကားလေးတေံက ကျော်ခွမောင်းလို့ရပေမယ့် ကားကြီးတွေအတွက်က တော်တော်ကြာတယ်။ လမ်းမှာပါ ညအိပ်ရတဲ့အထိဖြစ်နေပြီ။ ကားလေးတွေက စည်းကမ်းမရှိပဲ ကျော်တက်နေကြတော့ ကားကြီးသမားတွေ ဒုက္ခရောက်ရော”ဟု ခရီးသည်တင်ယာဥ်မောင်းနှင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ယမန်နေ့ကလည်း အဆိုပါ စောင့်ဆိုင်းနေသည့် ယာဥ်တန်းထဲမှ ၂၂ ဘီးကား ယာဥ်မောင်းတစ်ဦးမှာ အောက်စီဂျင်ကျပြီး မူးလဲသွားသောကြောင့် အရေးပေါ်သွားရောက် ကူညီခဲ့ရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတစ်ခုက ပြောသည်။
” မနေ့က ညောင်ခါးရှည်ဂိတ်မှာ ၂၂ ဘီးကား ယာဥ်မောင်းတစ်ယောက် မူးလဲသွားတယ်ဆိုလို့ အရေးပေါ်ကူညီရေးသွားခဲ့ရတယ်။ အောက်ဆီဂျင်ကျပြီး မူးလဲသွားတာ။ တန်းစီရတဲ့အခြေအနေတော်တော်ဆိုးတယ်။ ခရီးသည်တွေဆို အစာငတ်ခံပြီး စောင့်နေကြရတာ။ သံဃာတော်တွေဆိုလည်း ဆွမ်းဘုန်းမပေးရ။ အရေးပေါ်လူနာတွေဆိုလည်း အချိန်မှီမရောက်နဲ့”ဟု ဒေသတွင်း လူမှုကူညီရေးအသင်းတစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် ယာဉ်တန်းကျော်တက်သော ကားများကိုလည်း ယာဉ်ထိန်းရဲ နှင့် ရဲတပ်ဖွဲ့ဝင်များက ကားလိုင်စင်များ သိမ်းခြင်း၊ ကားတစ်စီးလျှင် ဒဏ်ငွေ ကျပ် ၅၀၀၀၀ မှ ၇၀၀၀၀ အထိ တောင်းယူခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။
ညောင်ခါးရှည် X-Ray စစ်ဆေးရေး ဂိတ်မှာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း စစ်တောင်းတံတား လမ်းအသစ်နှင့် လမ်းအဟောင်းဆုံရာတွင် တည်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှ တိုးချဲ့ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည်။
အဆိုပါ စစ်ဆေးဂိတ်တွင် စစ်ကောင်စီအနေဖြင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဘက်မှ လက်နက်သယ်ယူမှုများ၊ PDF များ ဝင်ထွက်သွားလာမှုများအား တားဆီး စစ်ဆေးရန် ရည်ရွယ်၍ X-Ray စက်ကို ယနေ့ ဇူလိုင်လမှ စတင်ပြီး တပ်ဆင်ကာ စစ်ဆေးနေခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ရန်ကုန်-မော်လမြိုင်လမ်း #ညောင်ခါးရှည် #X-Rayစစ်ဆေးရေးဂိတ် #၁၀နာရီကျော်