ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ နိုဝင်ဘာလ ၃၀ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့‌ပေါ်တွင် ယမန်နေ့နိုဝင် ဘာလ ၂၉ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကျိုက်ထို EPC အရာရှိ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။

ပစ်သတ်ခံရသူမှာ ကျိုက်ထိုမြို့နယ် EPCအရာရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ(AE) ရှမ်းလေး(ခ) မိုင်းအောင်နေ ထွန်းဆိုသူဖြစ်ပြီး ကျိုက်ထိုမြို့နယ်မှူးရုံးဟောင်းရှေ့၌ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“သူကနာမည်ဆိုးထွက်နေတာကြာပြီ၊ အဓိကကပြည်သူတွေကိုမငဲ့တာပါ၊ ခုနောက်ပိုင်းမှာမီတာခတွေကများလာတာ၊ သူကချက်ခြင်းမီတာခမဆောင်တာနဲ့မီးဖျက်တယ်၊ ရွာတွေဘက်မှာဆိုလည်းအရင်တည်းကမီတာခတွေပါပြန်ကောက်တယ်၊ မပေးနိုင်ရင်တရွာလုံးမီးဖြတ်တယ်၊ ရွာကလူတွေက သိန်းဘယ်နှစ်ရာပြန်ပေးမှ မီးပြန်ပေးမယ်၊ အဲ့လိုပေါ့၊ မီတာရုံးမှာလည်း ၁၀ တန်းတောင်မအောင်တဲ့သူတွေကို ခန့်ထားတာ၊ မီတာလည်းမဖတ်တတ်၊ မီတာခတွက်ရင်လည်း ကျသင့်တာထက်တော် တော်ကိုပိုများနေတာ” ဟု ကျိုက်ထိုဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် အဆိုပါ EPC အရာရှိသည် မီတာခကြွေးကျန်များကို စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းဌာနဆိုင်ရာများမှ တစ်ဆင့်တောင်းခိုင်းကာ ကျေးရွာ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဆင့်ထိစာထုတ်ကာ ဖိအားပေး တောင်းခံခိုင်းကြောင်းသိရသည်။

“အာဏာသိမ်းပြီးအစောပိုင်းအထိလောက်က ပေါင် EPCမှာ၊ NLDအစိုးရလက်ထက်မှာလည်း သူကတည့်အောင်ပေါင်းတယ်၊ သာကူးဆိုတာထက် သူ့ကိုယ်ကျိုးစီးပွားကိုဘဲကြည့်တာ၊ ပေါင်မှာလဲသူလုပ်စားသွားပြီး တော်တော်ချမ်းသာသွားတယ်၊ သူမပြောင်းခင် ကိုယ်ထူ ကိုယ်ထလျှပ်စစ်မီတာပုံးကို မလဲမနေရဆိုပြီး တစ်အိမ် ၉၀၀၀၀ တောင်းသွားသေးတယ်” ဟု ပေါင်ဒေသခံတစ်ဦးမှ ပြောသည်။

ယင်းလုပ်ဆောင်မှုအား ကျိုက်ထိုမြို့နယ်အတွင်းရှိတော် လှန်ရေးအင်အားစုများဘက်မှ ထုတ်ပြန်လာခြင်းမရှိသေးဘဲ မည်သည့်အဖွဲ့မှလုပ်ဆောင်သည်ကိုအတည်မပြုနိုင်သေးပါ။

#ကျိုက်ထို #EPC #အရာရှိ #AE #ပစ်သတ်ခံရ #AyeyarwaddyTimes