ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃၀ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ နိုဝင်ဘာလကစတင်ပြီး စစ်ကောင်စီက NLD ပါတီရဲ့ စည်းရုံးရေးမှူး တွေကို လိုက်လံရှာဖွေဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ဂျမ်းကပ်ကျေးရွာမှာလည်း အုပ်ချုပ်ရေးမှူး ဒါဘူးက စစ်ကောင်စီတပ်သားတွေနဲ့ပူးပေါင်းပြီး NLD ပါတီရဲ့ စည်းရုံးရေးမှူးတွေကို ဖမ်းဆီးဖို့အတွက် နေအိမ်တွေကို ညတိုင်းနီးပါ ဧည့်စာရင်းစစ်တာတွေပြုလုပ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ခုက ညတိုင်းလိုလိုဧည့်စာရင်းလိုက်စစ်နေတာ NLD ပါတီရဲ့ ဝန်းရံသူတွေနဲ့ တာဝန်ရှိသူတွေကို ဖမ်းဖို့လိုတော့ပြောတာပဲ သူတို့ထဲပါလာတဲ့ မီးသတ်တစ်ယောက်ကပြောသွားတာ ရွာသားတွေလည်း ဘာမှန်းမသိအဖမ်းခံရတာ ရှိတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးမှူးက ဧည့်စာရင်းလိုက်စစ်ဆေးတဲ့အခါ စစ်ကောင်စီသတင်းပေး တွေနဲ့ အရန်မီးသတ်တွေကို ခေါ်သွားလေ့ရှိပြီး သတင်းပေးတွေက ဖမ်းခိုင်းတဲ့ပြည်သူတွေကိုလည်း အမေးအစမ်းမရှိ ဖမ်းဆီးလေ့ရှိတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ပထမပတ်အတွင်းမှာလည်း ကျေးရွာထဲကို စစ်ကောင်စီတပ်သားတွေအရပ်ဝတ်တွေနဲ့ ရောက်လာပြီး ဒေသခံ ၆ ဦးလောက်ကို ဖမ်းဆီးသွားပြီး ၁ ပတ်လောက်အကြာမှာ ၄ ဦးကို ငွေတောင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#ငပုတော #NLD #စည်းရုံးရေးမှူး #စစ်ကောင်စီ #ဖမ်းဆီး
#Ayeyarwaddy_Times