ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ နိုဝင်ဘာလ ၂၉ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် ၆ နာရီဝန်းကျင်တွင် အင်အားဖြည့်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီစစ်ကြောင်းအား ဒေသခံကာကွယ်ရေးတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါစစ်ကြောင်းမှာ စစ်ကောင်စီ၏ ခမရ(၅၅၇)(၅၅၈)၊ အမတ(၃၀၆)တို့နှင့် ပျူစောထီးများ ပူးပေါင်းထားသည့် စစ်ကြောင်းဖြစ်ပြီး အင်အား ၁၃၀ ဝန်းကျင် ပါဝင်ကာ လယ်သစ်ရွာအနီး သကျက်တောကွင်းနှင့် ကျောက်ကဇွန်တောင်အနီးတွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူက ​ပြောသည်။

” တိုက်ပွဲက ၂၅ ရက်နေ့တည်းကနေဖြစ်နေတာ။ ခုတိုက်ပွဲဖြစ်တဲ့စစ်ကြောင်းက တပ်ကူလာတဲ့ပျူ‌စောထီး ၃၀ လောက်နဲ့အင်အားထပ်ဖြည့်ထားတယ်။ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်နေတယ်။ လယ်သစ်ရွာနားကိုလက်နက်ကြီးကျတာတွေရှိတယ်။ စကစဘက်ကသေတဲ့ ၄ ယောက်ကပျူစောထီးလို့ယူဆရတယ်” ဟု တနင်္သာရီကာကွယ်ရေးပြောက်ကြားတပ်ဖွဲ့၏ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

၁ နာရီခွဲဲကျော် တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေးတပ်များမှ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးသွားသည့် ပျူစောထီးများအား လူနာတင်ယာဉ်ဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် နိုဝင်ဘာလ ၂၅ ရက်နေ့မှစတင်၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ယနေ့ နိုဝင်ဘာလ ၂၉ ရက်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးခဲ့ပြီး ဒေသခံကာကွယ်ရေးရဲဘော် ၁ ဦးလည်းကျဆုံးခဲ့ကြောင်း တနင်္သာရီကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ – ယခင်က ပုံအဟောင်းအား အသုံးပြုထားပါသည်။(တနင်္သာရီကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့ဝင်များအား မြင်တွေ့ရစဥ်)
#တနင်္သာရီ #တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး
#Ayeyarwaddy_Times