ဧရာ၀တီတိုင်းမ်
နိုဝင်ဘာလ ၂၉ ရက်

ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ NLD ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီ၏ လားရှိုးထောင်တွင်း တရားရုံးက ယနေ့တွင် ပုဒ်မ ၁၂၂ (နိုင်ငံတော်သစ္စာဖောက်မှု)ဖြင့် ထောင်ဒဏ်နှစ် ၂၀ ထပ်မံချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးအကျဥ်းထောင်တွင် ဖမ်းဆီးအကျဉ်းချခံထားရသည့် ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ပုဒ်မ ၅၀၅ (က)နှင့် (ခ) အမှုများအတွက် ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည်။

ထို့နောက် ပုဒ်မ ၁၂၂ (နိုင်ငံတော်သစ္စာဖောက်မှု)ဖြင့် ယနေ့တွင် လားရှိုးထောင်တွင်းအထူးတရားရုံးက ထောင်ဒဏ်အနှစ် ၂၀ ထပ်မံချမှတ်ခဲ့ရာ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက စုစုပေါင်းထောင်ဒဏ်မှာ ၂၄ နှစ် ချ မှတ်ထားခြင်းဖြစ်သည်။

“သူ့ကို (ဦးထွန်းထွန်းဟိန်) ဒီနေ့ ပုဒ်မ ၁၂၂ နဲ့ ထောင်တွင်းတရားရုံးက ထောင်ဒဏ်နှစ် ၂၀ ထပ်ချခဲ့ပါတယ်။ အရင်တုန်းက ပုဒ်မ ၂ ခုနဲ့ ထောင် ၄ နှစ်ချထားတော့ အခုထောင်ဒဏ်အနှစ် ၂၀ ထပ်ချလိုက်တော့ စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ် ဖြစ်သွားပြီပေါ့။ သူ့ရဲ့ လူကျန်းမာ ရေးရော၊ စိတ်ကျန်းမာရေးရော ကောင်းပါတယ်။ ဟိုယခင် ၈၈ နောက်ပိုင်းကတည်းက စစ်အစိုးရတွေက ဖမ်းလိုက်ပြန်လွှတ်လိုက်လုပ်တာတွေ သူက ကြုံထားတော့ လက်ရှိ စစ်ကောင်စီရဲ့ထောင်ဒဏ်ချတာတွေက သူ့အတွက် သိပ်တောင်ထူးဆန်းနေမှာ မဟုတ်ပါဘူး”ဟု ဦးထွန်းထွန်းဟိန်မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးထွန်းထွန်းဟိန်မှာ ၁၉၈၈ ခုနှစ်တွင် နောင်ချိုမြို့နယ် အထွေထွေသပိတ် ကော်မတီ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ ဒီမိုကရေစီဆန္ဒပြပွဲများကို ဦးဆောင်သည့်အတွက် အာဏာသိမ်း စစ်တပ်က ၁၉၈၈ ခုနှစ်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။

၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြု၍ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှ ရွေးကောက်ပွဲဝင်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနီုင်ရရှိခဲ့သည်။ ထို့နောက် အာဏာသိမ်း န၀တနှင့် နအဖစစ်ကောင်စီတို့၏အကြိမ်ကြိမ်ဖမ်းဆီးခြင်း ခံခဲ့ရပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နောင်ချိုမြို့နယ်၌ ဒုတိယအကြိမ် ရွေးကောက်ပွဲဝင်ခဲ့ရာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ထပ်မံ အနိုင်ရရှိခဲ့သည်။

နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်မှာ NLD ပါတီ၏တာဝန်ပေးချက်အရ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ်မှ စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတို့တွင်လည်း NLD ပါတီကိုယ်စားပြု၍ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ထပ်မံယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ၃ ကြိမ်ဆက် အနိုင်ရရှိခဲ့သူဖြစ်သည်။

#ဦးထွန်းထွန်းဟိန် #နောင်ချို #လားရှိုးထောင် #ထောင်တွင်းတရားရုံး #Ayeyarwaddy_Times