နွေဦး/ဧရာဝတီတိုင်းမ်
(မအူပင်)၊ နိုဝင်ဘာလ ၂၈ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်ကောင်စီခန့်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဧည့်စာရင်းစစ်ဆေးပြီး ဒေသခံပြည်သူတွေကို ငွေကျပ် ၁ သောင်းကနေ ၂ သောင်းထိ တောင်းယူတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက မြို့ပေါ်ရပ်ကွက်တွေကို ရဲစခန်းက အပိုင်နယ်ထိန်းတွေ စစ်ကောင်စီသတင်းပေးတွေနဲ့အတူ ဧည့်စာရင်းဝင်စစ်ပြီး ဧည့်စာရင်းမတိုင်ထားတဲ့သူတွေရှိရင် ရုံးကို ခေါ်ပြီး ဒဏ်ရိုက်ငွေတောင်းတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ခုကပါတီကောင်စီခေတ်ထက်ဆိုးနေပြီဗျ ၊ သူတို့မထင်ရင် မထင်သလို အိမ်တွေဝင်ပြီး ဧည့်စာရင်း ဝင်စစ်ပြီး ငွေညှစ်တာ လုပ်တာ၊ ညဘက်ဆို ဧည့်သည် ရှိရှိ မရှိရှိ ဝင်စစ်ပြီး ရုံးကိုခေါ်ဒဏ်ငွေရိုက်တာ”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဧည့်စာရင်းစစ်တာမျိုး မဟုတ်တော့ဘဲ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးတွေပေါင်းပြီး စီးပွားရှာသလို ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဧည့်စာရင်းစစ်တဲ့အခါမှာလည်း ရပ်ကွက်ထဲ သူပုန်ဝင်စီးတဲ့ပုံစံမျိုး အုပ်စုလိုက်တံခါးတွေကို ထုရိုက်ဖွင့်ခိုင်းပြီး အထဲရောက်တဲ့အခါ လက်ကိုင်ဖုန်းတွေနဲ့ ဝိုင်းရိုက်ပြီး အပြစ်မရှိ အပြစ်ရှာတွေလုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။