ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၉ ရက်

ရန်ကုန်မြို့တွင်ဖြစ်ပွားနေသည့် လုယက်မှုများကြောင့် လုံခြုံရေးအခြေအနေအရ ဆိုင်ဖွင့်ချိန်နေ့ဘက်အချိန်မှာပင် ရွှေဆိုင်များကိုတံခါးပိတ်သော့ခတ်ထားရပြီး ဝယ်သူလာမှ တံခါးဖွင့်ရောင်းချမှုများပြုလုပ်နေရကြောင်း ဆိုင်ပိုင်ရှင်တချို့ထံကသိရသည်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် နိုင်ငံတဝှမ်းတရားဥပဒေစိုးမိုးမှုလျော့နည်းလာပြီး ရန်ကုန်မြို့လယ်ခေါင်နေရာမျိုးတွင်ပါ ပေါ်ပေါ်တင်တင်လုယက်ခံနေရပြီး လူထိခိုက်သေဆုံးမှုများပါရှိနေသဖြင့် ယင်းကဲ့သို့ရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။

“အရင်က လုံခြုံရေးမထားဘူး။ ဆိုင်ကဝန်ထမ်းတွေပဲရှိတာ။ ခုတော့ လုံခြုံရေးပါထပ်ငှားထားရတယ်။ စျေးရောင်းရတာနောက်ကျောမလုံဘူး။ တန်ဖိုးကြီးတဲ့ပစ္စည်းမျိုးရောင်းရတာဆိုတော့ပိုဆိုးတယ်။ ဝယ်သူကိုလည်း သံသယတွေနဲ့။ ဆိုင်ကို တံခါးနှစ်ထပ်နဲ့ အရှေ့တံခါးကသော့ခတ်ပြီး ထားရတယ်။ ဝယ်သူလာမှ ဖွင့်ပေးတာ။ တချို့တွေကျဆိုင်ပိတ်ထားတယ်ထင်တာ။ စီးပွားရေးလည်း လုပ်လို့မကောင်းတော့ပါဘူး၊ အကုန်ကမောက် ကမတွေနဲ့”ဟု ရန်ကုန်မြို့သန်လျင်မြို့နယ်အတွင်းကရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့တံခါးပိတ်ရောင်းချမှုများကို ရန်ကုန်မြို့က ရွှေဆိုင်များတွင်သာမက ကုန်မာဆိုင်နှင့်အခြားအရောင်းဆိုင်များတွင်လည်း လုပ်ဆောင်ကြကြောင်းသိရသည်။

“ဆိုင်ကို ဖွင့်မထားရဲဘူး။ ဝယ်သူလာမှ ဖွင့်ပေးရဲတယ်။ ဘယ်ချိန်ဘယ်လို လာလုမလဲ၊ ဘယ်လိုရန်ပြုမလဲဆိုတာ မသိနိုင်ဘူး။ သတင်းတွေလည်း ကြားနေရတာ လုယက်မှုတွေ။ ရန်ကုန်မြို့လယ်တောင် ဓားနဲ့ဝင်ထိုးရဲကြတာ။ ခေတ်ကပျက်နေပြီ။ စျေးကရောင်းလည်းရောင်းချင်တယ်။ ဝင်အလုခံရရင်ရှိစုမဲ့စုပါကုန်မှာ” ဟု သာကေတမြို့နယ်အတွင်းကုန်မာအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အုပ်စုဖွဲ့လုယက်အနုကြမ်းစီးသတ်ဖြတ်မှုများသည် မြို့လယ်ခေါင်လမ်း၊YBS ယာဥ်များပေါ်အထိ နေရာစုံတွင်ဖြစ်ပွားမှုများ ကြုံတွေ့နေရသဖြင့် ပြည်သူများစိုးရိမ်ထိတ်လန့်နေကြရသည်ဟု ဆိုသည်။

“ခေတ်အခြေအနေက လမ်းသွားရင်းလည်းလု၊ အိမ်မှာနေလည်းလု၊ ဘယ်နေရာဖြစ်ဖြစ်မလုံခြုံဘူး။ လူတွေက မလုပ်ရဲတာ ဘာမှမရှိကြတော့ဘူး။ လူတွေ တစ်နေ့တစ်နေ့ သတ်ဖြတ်ခံရတာမနည်းဘူး”ဟု ရန်ကုန်မြို့တွင်း သွား လာအလုပ်လုပ်နေရသည့် ပြည်သူ တစ်ဦးမှ ပြောသည်။

ယမန်နေ့ ညပိုင်းကပင် ရန်ကုန်မြို့ သာကေတမြို့ နယ်၊ (၁)ရပ်ကွက်၊ အနော်မာအရှေ့ ၄ လမ်းရှိ နေအိမ်တစ်အိမ်ကို ည ၇ နာရီအစောပိုင်းအချိန်၌ပင် အမျိုးသား ၃ ဦးမှ ဝင်ရောက်ဓားပြတိုက်ကာ ပိုင်ရှင်အမျိူးသမီးအား ပါးစပ်ပိတ်၊ ကြိုးတုတ် ၍ ရွှေများယူဆောင်သွားကြောင်း ရပ်ကွက်တွင်းနေထိုင်သူများ၏ ပြောပြချက်အရ သိရှိရသည်။

#ရန်ကုန်မြို့ #ရွှေဆိုင်များ #တံခါးပိတ်ရောင်းချ #AyeyarwaddyTimes