ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၉ ရက်
ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်မှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
လမ်းမတော်မြောက်ရပ်ကွက်မှာရှိတဲ့ စိုက်ပျိုးရေးဘဏ်မှာ မနက် ၆ နာရီလောက်ဗုံးပေါက်ကွဲပြီး နောက်ပိုင်း ၃ ရက်လောက်အတွင်းမှာ စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်ကယ်ရီမောင်းသူ အပါဝင် ဒေသခံပြည်သူ ၆ ဦးလောက်ကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ ခုကထင်ရာလိုက်ဖမ်းတဲ့ပုံစံဖြစ်နေတာ နိုင်ငံရေးလည်းမလုပ် ဆန္ဒလည်းမပြတဲ့ မိသားစုရှာကျွေးနေတဲ့ သူတွေကို လိုက်ဖမ်းနေတာ အားလုံးဆို ၆ ယောက်လောက်ရှိပြီ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံတွေဟာ နိုင်ငံရေးလုပ်တဲ့သူတွေမဟုတ်တဲ့ အသက် ၂၀ နဲ့ ၃၀ ကြားလူငယ် အမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဖောက်ခွဲမှုနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က သတင်းထုတ်ပြန်ထားပေမယ့် စစ်ကောင်စီတပ်သားတွေက ပေါက်ကွဲမှုတွေဖြစ်တိုင်း ဒေသခံပြည်သူတွေကိုသာ စွပ်စွဲဖမ်းဆီးလေ့ရှိတယ် လို့ ဒေသခံတွေက ပြောပါတယ်။