ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၉ ရက်

ပြည်တွင်းစီးပွားရေးကို အားပေးဆောင်ရွက်နေလို့ နိုင်ငံစီးပွားရေးကထိုက်သင့်သလောက် ကောင်းမွန်လာပြီလို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မကွေးမြို့ကိုရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင် လှိုင်ဟာ မကွေးတပ်နယ်အတွင်း တပ်မ ၈၈ ၊ လေတပ် စတဲ့တပ်တွေအပါအဝင် သူ့လက်အောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာလ ၂၈ ရက်မနေ့ က တွေ့ဆုံ ပြီး အခုလိုပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က သူ့တပည့် စစ်ကောင်စီတပ်သားတွေအနေနဲ့ အသိပညာ မြင့်မားတိုးတက်စေဖို့ စာပေများ များ ဖတ်ကြဖို့ကိုလည်း သတိပေးမှာကြားခဲ့ပါသေးတယ်။

ဒါ့အပြင် မနေ့ကတစ်ရက်ထဲမှာဘဲ မကွေးတိုင်းထဲက လုပ်ငန်းရှင်တွေနဲ့မကွေးမြို့တော်ခန်းမမှာ တွေ့ဆုံပြီး မကွေးတိုင်းရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေက အားရဖွယ်မြင် တွေ့နေရတယ်လို့ပြောဆိုခဲ့ပါသေးတယ်။

လက်ရှိမှာတော့ မကွေးတိုင်းအတွင်းက ခရိုင် ၅ ခုအနက်က ဒေသကာကွယ်ရေးတပ်တွေအင်အား ကောင်းတဲ့ ဂန့်ဂေါခရိုင်ထဲမှာ ပါတဲ့ ဆော၊ဂန့်ဂေါ၊ထီလင်း ပခုက္ကူခရိုင်မှာပါတဲ့ ပခုက္ကူ၊ပေါက် ၊မြိုင်၊ဆိပ်ဖြူ စတဲ့မြို့နယ်ဒေသတွေမှာ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံတွေသိန်းနဲ့ချီ နေ ရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

”သူကတော့ ခပ်တည်တည်နဲ့ပြောသွားတာဘဲ မကွေး တိုင်းကတိုးတက်တယ်ဘာညာပေါ့။ မကွေးမှမဟုတ်ဘူး ရောက်လေရာလျှောက်သွားပြီး ဘယ်ရောက်ရောက်အဲ့လိုဘဲပြောမှာဘဲ။ နဂိုထဲက မကွေးတိုင်းဘာမှလုပ်စား စရာမရှိလို့ ၈/ တွေတော်တော်များများ မြို့ကြီးတွေမှာလျှောက်လုပ်နေရတာ။ ခုလိုတိုက်ပွဲတွေဖြစ်နေတာ ပိုဆိုးတာပေါ့။မကွေးတိုင်းကျန်တဲ့နေရာမပြောနဲ့ သူနဲ့ခုတွေ့တဲ့မြို့တော်ခန်းမမှာ အခမ်းအနားပြင်တာတွေကိုအပြင်ဝန်ထမ်းတွေကို တယောက်မှမလုပ်ခိုင်းဘူး၊ သူတို့(စစ်တပ်)လူနဲ့သူတို့လာလုပ်သွားတာ၊ သူ့ဟာသူတောင်ဒီလောက်ကြောက်နေတာ။ ဘယ်နားမှာတိုးတက်နေလဲတော့မသိဘူး။ ဆိုင်ကယ်ဖမ်း၊လူဖမ်းပြီးပိုက်ဆံတောင်းနေတဲ့သူ့လူတွေဘဲတိုးတက်နေတာနေမှာ” လို့ မကွေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ကနေစလို့ မကွေးတိုင်းအတွင်းမှာရောက်ရှိနေတာဖြစ်ပြီး အဲ့ဒီ ကနေတဆင့် ဒီဇင်ဘာလ ပထမအပတ်ထဲမှာပြုလုပ်မယ့် စစ်တကသိုလ်(DSA) အပတ်စဉ် ၆၄ ဗိုလ်လောင်း သင်တန်း ဆင်းပွဲကိုဆက်လက်သွားရောက်မယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းဆီကနေသိရပါတယ်။

#မကွေး #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #AyeyarwaddyTimes