ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၉ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ ဖမ်းဆီးခံရတဲ့ ဧရာဝတီတိိုင်း၊ မြောင်းမြမြို့နယ်က NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုဝေလင်းအောင်ကို နို၀င်ဘာလ ၂၈ရက်နေ့မှာ တရားရုံးကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂၆ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
“မြ၀တိီတရားရုံးက အမိန့်ချတာပုဒ်မတွေက၅၂ (က)၊ ၅၀ (က) ၊ ၅၀(ည) နောက်ပြီးနိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ တွေလဲပါတယ်။ အကုန်လုံးပေါင်း၂၆နှစ်”လို့ ကိုဝေလင်းအောင်ရဲ့မိတ်ဆွေတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကိုဝေလင်းအောင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ အနိုင်ရ ပြည့်သူလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေ လိုက်လံဖမ်းဆီးချိန်မှာ KNU တပ်မဟာ (၆)နယ်မြေ၊ လေးကေ့ကော်မြို့သစ်မှာ ရှောင်တိမ်းနေထိုင်ခဲ့ရသူလို့ သူ့ရဲ့မိတ်ဆွေတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၄ ကြောင်းနဲ့ လေးကေ့ကော်မြို့ထဲ ဝင်ရောက်စီးနင်းချိန်မှာ CDM၀န်ထမ်းတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃၀ နီးပါးနဲ့အတူ ကိုဝေလင်းအောင်ပါ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
ကိုဝေလင်းအောင်ကို စစ်ကောင်စီက မြ၀တီမြို့ရှိ စစ်ကြောရေးမှာ စစ်ဆေးခဲ့ပြီးနောက် ရဲစခန်းတစ်ခုမှာ ချုပ်နှောင်ထားခဲ့ကာ ၁၁လ အကြာမှာတော့ ခုလို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့တာဖြစ်တယ်လို့ သူ့ရဲ့မိတ်ဆွေတွေက ပြောပါတယ်။
#လေးကေ့ကော် #NLD #လွှတ်တော်ကိုယ်စားလှယ် #ထောင်ဒဏ်
#Ayeyarwaddy_Times