ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ နိုဝင်ဘာ ၂၉ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အခြေစိုက် CDF ကန်ပက်လက်ထံ နိုဝင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီတပ်သားခေါလေး(ခ)ကျော်ဝင်းမောင်(ခ)ကျော်စိုင်းခန့်သည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်လာကြောင်း CDF-Kanpeletက သတင်းထုတ်ပြန်ထားသည်။
CDM ပြုလုပ်လာသော စစ်ကောင်စီတပ်သား၏ ထွက်ဆိုချက်အရ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်ထဲ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ပြင်းထန်စွာ တိုက်ခိုက်သော ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သို့ စေလွှတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က ပြည်သူလူထုကို ဖိနှိပ်တိုက်ခိုက်နေသော အခြေအနေများ၊ CDF-Kanpeletမှ ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေသော အခြေအနေအရပ်ရပ်တွင် CDMပြုလုပ်ပြီး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခြင်းဖြစ်ကြောင်းCDF-Kanpeletက ပြောသည်။
CDMပြုလုပ်ကာ ပြည်သူ့ရင်ခွင်ထဲသို့ ခိုလှုံလာသော စစ်ကောင်စီတပ်သားကို CDF-Kanpeletက လွတ်မြောက်နယ်မြေကို ကောင်းမွန်စွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။