ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၈ ရက်

ဧရာ၀တီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတထောင်တွင်းတရားရုံးကနေ ရာအိမ်မှူးအသတ်ခံရမှုနဲ့စွပ်စွဲဖမ်းဆီးထားတဲ့ ဒေသခံ(၇)ဦးကို နို၀င်ဘာလ၂၅ရက်နေ့က ထောင်ဒဏ်နှစ်ရှည်တွေချမှတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

“သူတို့က ရာအိမ်မှူးကိုသတ်တဲ့လူတွေမဟုတ်ဘူး။ ဒါပေမယ့် PDFတွေကို ရာအိမ်မှူး ကို၀င်ပစ်လို့ရအောင်ကူညီပေးခဲ့လို့ ခုလို အမိန့်ချလိုက်တာ ။ တစ်ယောက်ကအနှစ်၂၀ ၊ ကျန်တဲ့၆ယောက်က၁၀နှစ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေဟာ မဟာသာကျေးရွာအုပ်စုက ဒေသခံတွေဖြစ်ပြီး ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက ကျေးရွာဒေသခံ(၇)ဦးကိုစွပ်စွဲဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” ခုအမိန့်ချခံရသူတွေက ရာအိမ်မှူးအသတ်ခံရတဲ့အချိန်က သူ့ရွာမှာပဲသူနေတာ။ စစ်တပ်က ရွာမှာ စိတ်ထင်တဲ့လူတွေကို လျှောက်ဖမ်းပြီး စစ်ကြောရေးပို့တာ။ တရားရုံးထုတ်တော့လဲ ထောင်တွင်းတရားရုံးကနေပဲစစ်တာ။ သူတို့တကယ်ကျူးလွန်မကျူးလွန်ဆိုတာ ဘယ်လိုသိရမလဲ သက်သေတို့ရှေ့နေတို့မပါပဲ အမိန့်ချပစ်တာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စွပ်စွဲဖမ်းဆီးခံရသူ ၇ဦးထဲက အသက် ၅၆ နှစ်အရွယ် ဦးစိန်သောင်းဆိုသူအား ထောင်ဒဏ် အနှစ် ၂၀ နဲ့ ကျန်တဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦးကတော့ ထောင်ဒဏ် ၁၀ နှစ်ကျော်စီ ချမှတ်ခံခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။

#ဇလွန် #ရာအိမ်မှူး #အသတ်ခံရ #စွပ်စွဲဖမ်းဆီး
#Ayeyarwaddy_Times