ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ နိုဝင်ဘာလ ၂၈ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာဝန်းကျင်တွင် နိုဝင်ဘာလ ၂၅ ရက်နေ့မှနိုဝင်ဘာလ ၂၇ ရက်နေ့အထိ ၃ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီကာကွယ်ရေးပျောက်ကြား တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အင်အား ၁၀၀ ဝန်းကျင်ရှိ ခမရ ၅၅၇၊ ၅၅၈၊ အမြောက်တပ် ၃၀၆၊ ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် လယ်သစ်ကျေးရွာသို့စစ်ကြောင်းထိုးလာကာ တနင်္သာရီကာကွယ်ရေးပျောက်ကြားနှင့်ပူးပေါင်းတပ်ဖွဲ့များနှင့် ထိ‌ေတွ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများကြောင့် နိုဝင်ဘာလ ၂၆ ရက်နေ့တိုက်ပွဲတွင် တနင်္သာရီကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့မှ ရဲဘော်ဒေါင်းမင်း လက်နက်ကြီးထိမှန်ကျဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ၃ ရက်ဆက်ဖြစ်နေတာ၊ စစ်‌ကြောင်း ၃ ကြောင်းခွဲပြီးလာတာ၊ ဒီနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တောငြိမ်နေတယ်၊ စစ်ကောင်စီက လူနာတွေပြန်ပို့နေပြီး စစ်ကူတွေထပ်တိုးနေတယ်၊ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်တာ၊ ကျသွားတဲ့ရဲဘော်ကလည်း လက်နက်ကြီးထိပြီးကျတာပါ။”ဟု တနင်္သာရီကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် နိုဝင်ဘာလ ၂၇ ရက်တွင်လည်း ညနေ ၃ နာရီမှ ည ၇ နာရီအထိ လယ်သစ်‌ကျေးရွာဝန်းကျင်တွင် ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် လယ်သစ်ကျေးရွာရှိ အိမ်ထောင်စု ၅၀၀ ကျော်စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီမှ လူနေအိမ်များအား ဝင်ရောက်ရှာဖွေ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

တနင်္သာရီမြို့နယ်တွင် နိုဝင်ဘာလအ‌စောပိုင်းမှ စတင်၍ စစ်ကောင်စီမှစစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ‌စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားနေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်းကျဆုံးခဲ့ရကြောင်း တနင်္သာရီကာကွယ်ရေးပျောက်ကြားတပ်ထံမှ သိရသည်။

#တနင်္သာရီ #၃ရက်ကြာတိုက်ပွဲ #စစ်ကောင်စီတပ်သား #သေဆုံး
#Ayeyarwaddy_Times