ဧရာဝတီတိုင်းမ်
(ပေါက်)၊ နိုဝင်ဘာလ ၂၈ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အောင်စည်သာရွာအား ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက် နံနက် ၈နာရီ၃၇ မိနစ်ဝန်းကျင်တွင် ဇီးပြားရွာရဲစခန်းတွင် သင်တန်းတက်နေသည့် ပျူစောထီးနှင့် စစ်သားများပူးပေါင်း၍ မီးတင်ရှို့ခဲ့ရာ နေအိမ် ၅၆ လုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးတင်ရှို့ခံရမှုကြောင့် ပြည်သူပိုင်နေအိမ် ၅၆ လုံးလောင်ကျွမ်းခဲ့သည့်အပြင် နေအိမ်တွင်မွေးမြူထားသည့် ကျွဲ၊ နွား၊ ဝက်များလည်း မီးလောင်သေဆုံးခဲ့ရပြီး ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၆၈၀ ဝန်းကျင်ခန့် မီးလောင်ဆုံးရှူံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မီးရှို့တာက ဇီးပြားရဲစခန်းမှာ သင်တန်းတက်နေတဲ့ဇီးပြားနဲ့ သရော်ကိုင်းက ပျူနဲ့စစ်သားတွေ၊ စစ်ကြောင်းကဝော့ာခု ရဲစခန်းကပြန်ထွက်သွားပြီး သိန်း ၁၆၈၀ ဖိုးလောက်ဆုံးရှုံးမှုရှိတယ်လို့ခန့်မှန်းရတယ်။ နေအိမ်မီးရှို့ခံရတဲ့ဒေသခံတွေကတော့ ဝောာဝောာင်တွေ ဘေးလွတ်ရာနေရာတွေမှာ ရှောင်တိမ်းနေရတယ်” ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဇီးပြားရွာအရှေ့မြောက်ဘက်ရှိအောင်စည်သာကျေးရွာအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲမရှိဘဲ တမင်ရည်ရွယ်ချက်ရှိရှိ မီးတင်ရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ထို့အပြင် ပေါက်မြို့နယ်တွင် နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း ကျွန်းတိုင်းရွာအနီး တိုက်ပွဲတွင်အထိနာခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ကျွန်းတိုင်းရွာအား ၂ ရက်တိုင်မီးရှို့ခဲ့ရာ အိမ်ခြေ ၂၄၀ ကျော်ရှိသည့်အနက် ၁၈၀ ကျော်မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင်လည်း ဂွေးဂုံရွာနှင့်စသိန်းရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဂွေးဂုံရွာ နေအိမ် ၄ လုံးနှင့်နှင့် စသိန်းရွာ နေအိမ် ၂၄၁ လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး စသိန်းရွာ၊ ဂွေးဂုံရွာ၊ ကျွန်းတိုင်းရွာ၊ ညောင်ရင်းရွာ၊ ခံပင်းအင်းရွာ၊ ညောင်ပင်သာရွာမှ ပြည်သူ ၅၀၀၀ ကျော်မှာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ပေါက်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှာ ထိတွေ့တိုင်ပွဲများ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ စစ်ကြောင်းလာရာလမ်းတစ်လျှောက်ရှိ ရွာများအားမီးရှို့ဖျက်ဆီးနေသည့်အတွက် ပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းနားစွင့်ရန်နှင့် သတိဖြင့်နေကြရန် ဒေသခံကာကွယ်ရေးတပ်များမှ သတိပေးပြောဆိုထားသည်။

#ပေါက် #အောင်စည်သာကျေးရွာ #စစ်ကောင်စီ #ပျူစောထီး #မီးတင်ရှို့
#Ayeyarwaddy_Times