ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ၂၈ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းရွာ၊သန်လျင်သဘာဝတရားရိပ်သာတွင် ခိုလှုံနေသည့် လူငယ် ၃ ဦး နိုဝင်ဘာလ ၂၆ ရက်နေ့ကဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
သန်လျင်သဘာဝတရားရိပ်သာ အောက်ဆီဂျင်အလုပ်ရုံအပေါ်ထပ်တွင် ဒုက္ခသည်အဖြစ်ခိုလှုံနေသည့် လူငယ် ၃ ဦးကို PDF ဟုဆိုကာ စစ်ကောင်စီတပ်ကလာရောက် ဖမ်း ဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။
“အဲဒီကလေးတွေက ဒီကာလမှာ အခက်အခဲဖြစ်နေလို့ပါဆိုပြီး ရောက်လာကြတာ။ ဒီမှာ ဒုက္ခရောက်တဲ့သူဆို အကုန်လက်ခံနေတာကိုး။ နှစ်ရက်လာရှာကြတာ။ ပထမတစ်ရက်က သူတို့ကိုဖမ်းသွားတယ်။ မနေ့က ထပ်လာရှာတာ ဗုံးတွေတွေ့တယ်” ဟု သန်လျင် သဘာဝတရားရိပ် သာအကျိုးတော်ဆောင်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ လူငယ် ၃ ဦးမှာ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ဖမ်းဆီးခြင်းခံထားရသည့် ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တချို့နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ရန်ကုန်ရဲတပ်ဖွဲ့နှင့်နီးစပ်သူတချို့ထံကသိရသော်လည်း သီးခြားအတည်မပြုနိုင်ပါ။
နိုဝင်ဘာလ ၂၂ ရက်နေ့က သန်လျင်သဘာဝတရားရိပ် သာမှ ယာဥ်တန်း လောင်းလုံးမြို့နယ်အတွင်း ပစ်ခတ်ခံရမှုကြောင့် သံဃာ ၁ ပါးပျံလွန်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#သန်လျင် #သဘာဝတရားရိပ်သာ #ခိုလှုံသူ #လူငယ် ၃ ဦး #ဖမ်းဆီးခံရ