ကိုအေး/ဧရာဝတီတိုင်းမ်
(ရန်ကုန်)၊ နိုဝင်ဘာလ ၂၈ ရက်

အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်- ပုသိမ်ကားလမ်းမှာ ချိုင့်ခွက်တွေများလာတာကြောင့် လမ်းခရီးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

“အရင်အစိုးရက ကွန်ကရစ်ခင်းတယ်၊အခု စစ်ကောင်စီ လက်ထက်လည်းရောက်ရော လမ်းပေါ်မှာဟိုအပေါက်ဖါ ဒီအပေါက်ဖါဘဝပဲ ပြန်ရောက်ရတယ်။ ဗိုလ်မြတ်ထွန်းတံတား(ညောင်တုန်း)ဆိုရင် တိုးဂိတ်က ငွေသာကောက်ခံတာ တံတားလမ်းကိုတော့ မပြင်ဘူး။ တံတားပေါ်ကဆိုရင် လှိုင်းတွေ ချိုင့်ခွက်တွေကြောင့် ကွေ့ရှောင်ပြီး မောင်းရတယ်။ အဲ့လိုမောင်းရတော့ လမ်းခရီးက အရင်ထက်ပိုကြာတယ်။ ယာဉ်အန္တရာယ်ရှိတာပေါ့၊စစ်ကောင်စီက လမ်း၊တံတားအတွက် ငွေသာကောက်နေတာ လမ်းကိုတော့ကောင်းကောင်းပြင်ချင်စိတ်မရှိဘူးထင်တယ်” လို့ ပုသိမ်မြို့ခံ ယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ရန်ကုန် – ပုသိမ်ကားလမ်းဟာ ဗိုလ်မြတ်ထွန်းတံတားမရောက်ခင် ရန်ကုန်တိုင်းဘက်ခြမ်းမှာသာ လမ်းကောင်းတဲ့ အနေအထားဖြစ်ပြီး ဧရာဝတီတိုင်းဘက်ခြမ်းမှာတော့ ချိုင့်ခွက်တွေနဲ့ ပျက်စီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ အငှားယာဥ်မောင်းအချို့က ဆိုပါတယ်။

အလားတူ ပန်းတနော်၊အိမ်မဲ၊ကျောင်းကုန်း၊ကျုံပျော်နဲ့ အခြားမြို့နယ်တွေမှာလည်း လမ်းပျက်စီးမှုတွေဖြစ်ပေါ်နေပြီး စစ်ကောင်စီလက်အောက်ခံ
လမ်းတံတားဦးစီးဌာနအနေနဲ့ အပေါ်ယံသာ ကျောက်ကြမ်းနဲ့ သဲများရောကာ ဖြူးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#ရန်ကုန် #ပုသိမ် #ကားလမ်း #ချိုင့်ခွက် #လမ်းခရီး
#Ayeyarwaddy_Times