ဧရာဝတီတိုင်းမ်
(ကလေး)၊ နိုဝင်ဘာ ၂၇ ရက်
အိန္ဒိယနိုင်ငံမှတစ်ဆင့် လွှဲပြောင်းပေးထားသော လက်နက်များကို သယ်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းကို နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်က ၅၆ မိုင်ကျေးရွာနှင့် မြလေးတောင်ကြားတွင် PDF(Kalay)က တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
လက်နက်များသယ်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းမှာ စစ်ကိုင်းတိုင်း၊ တမူးမြို့မှ ကလေးမြို့ဘက်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ထွက်ခွာလာခဲ့ရာ ၅၆ မိုင်ကျေးရွာနှင့် မြလေးတောင်ကြားတွင် PDF(Kalay)- မိုင်းတပ်ဖွဲ့မှ အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် ၆ ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်နက်များ တင်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းများအပါအဝင် ဒရုန်းနှင့် အခြားလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိုင်းများဖြင့် တိုက်ခိုက်မှုကြောင့် လမ်းသားပြတ်ထွက်သွားကာ စစ်ကောင်စီယာဉ်တန်းများ ရှေ့မတိုးနိုင်တော့ပဲ မြလေးတောင်၊ တောင်ခြေတွင် ညအိပ်ခဲ့ကြကြောင်း သိရသည်။
PDF(Kalay)က စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြားထိခိုက်သေဆုံးနိုင်ကြောင်းသိရှ်ိရပြီး ထိခိုက်သေဆုံးမှုများအား အတည်မပြုနိုင်သေးကြောင်း သိရသည်။
ကလေးမြို့နယ်တွင် လက်ရှိစစ်ရေးတင်းမာမှုကြောင့် ပြည်သူလူထုများအနေဖြင့် ကလေး-တမူးလမ်းမကြီးအား ဖြတ်သန်းသွားလာခြင်းမပြုရန် PDF(Kalay)က ထပ်မံသတိပေးထုထ်ပြန်ထားသည်။
#အိန္ဒိယ #လက်နက် #စစ်ကောင်စီယာဥ်တန်း #တိုက်ခိုက်ခံရ
#Ayeyarwaddy_Times