ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ၂၆ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ယနေ့ နိုဝင်ဘာလ ၂၆ ရက် မနက်ပိုင်းကဆိုင်ကယ် ၂ ဦးစီးနင်းသည့်ဒေသခံများအား သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ရာ ပခုက္ကူမြို့ သာသနာ့ဗိမာန်တော်အနီးတွင်ရေခဲချောင်းရောင်းသူ ၁ ဦးနှင့်အမှတ် ၁၁ ရွှေချောင်းအဝိုင်းအနီးတွင် အမျိုး သမီး ၂ ဦးတို့ သေဆုံးခဲ့ပြီး ဆိုင်ကယ်စီးနင်းမှုနှင့်ပတ် သက်၍ ဒေသခံ ၅၀ ကျော်ဖမ်းဆီးခံထားရသည်ဟုဆို သည်။

“ဒီမနက် ၆ နာရီလောက်က သာသနာ့ဗိမ္ဗာန်တော်အနီးမှာ ရေခဲချောင်းရောင်းတဲ့သူကို အချိန်မစေ့ဘဲ ထွက်လို့ဆိုပြီး ပစ်သတ်ခံရတာ ပွဲချင်းပြီးပဲ။နောက် အမှတ် ၁၁ ရွှေချောင်းအဝိုင်းနားမှာ အမျိုးသမီး ၂ ယောက် အဲဒီလိုဘဲဆိုင်ကယ် ၂ ယောက်စီးလို့ပစ်ဖမ်းတာသေသွားတယ်။ တွေ့တာနဲ့ ပစ်သတ်တဲ့သဘောပဲ။အဲ့ဆိုင်ကယ်နဲ့ပတ်သတ် ပြီးဖမ်းထားတာ ၅၀ ကျော်လောက်ရှိတယ်”ဟု ပခုက္ကူမြို့ခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့ တစ်ရက်တည်းမှာပင် ဆိုင်ကယ်တစ်စီးလျှင် ၂ ဦးစီနင်းသည့်အတွက် အဖမ်းခံရသူ ၂၀ ဝန်းကျင်ရှိပြီး ဆိုင်ကယ်လိုင်စင်၊ယာဥ်မောင်းလိုင်စင်မပါသဖြင့် အဖမ်းခံရသူ ၅၀ ကျော်ရှိကြောင်းနှင့် ဖမ်းဆီးခံရသူများအနေဖြင့် ဒဏ်ငွေ ၅ သောင်းနှင့်အထက်ပေးဆောင်ရမည်ဖြစ် ကြောင်း ပခုက္ကူရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။

စစ်ကောင်စီတပ်က ပခုက္ကူမြို့နယ်တွင် နိုဝင်ဘာလ ၂၄ ရက်မှစတင်၍ ညနေ ၆ နာရီမှ မနက် ၈ နာရီအထိ ဆိုင်ကယ်လုံးဝစီးနင်းခြင်းမပြုရန်နှင့် မနက် ၈ နာရီမှ ညနေ ၆ နာရီအထိဆိုင်ကယ်စီးနင်းခွင့်ပြုပြီး ဆိုင်ကယ် ၁ စီးလျှင် လူ ၁ ဦးသာစီးနင်းရမည်ဟု အမိန့်စာ ထုတ်ပြန်ပြီးနောက် ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ယခုကဲ့သို့ ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်သည်။

ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ မကြာခဏသတ်ဖြတ်ခံနေရခြင်းကြောင့် ဆိုင်ကယ် ၁ ဦး ထက်ပိုမစီးရန်ထုတ်ပြန်ခြင်းဖြစ်ကြောင်း စစ်ကောင်စီအမိန့်စာတွင်ဖော်ပြထားသည်။

#ပခုက္ကူ #ဆိုင်ကယ် #ပစ်ခတ်ဖမ်းစီး #လူသေဆုံး #AyeyarwaddyTimes