ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၆ ရက်
စစ်ကိုင်းတိုင်း၊ ပုံတောင် PDF တပ်ဖွဲ့ဝင်တစ်ဦးကို ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးနှိပ်ဆက်ခဲ့ကြောင်း ပုံတောင် PDF တပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။
၎င်း ပုံတောင် PDF တပ်ဖွဲ့ဝင်မှာ ကိုမင်းအောင်ဖြစ်ပြီး ပုလဲမြို့နယ်၊ ကျွဲခေါင်းတောင်ဒေသမှ PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဆိုပါ ဖမ်းဆီးနှိပ်စက်ခြင်းနှင့်ပတ်သက်ပြီး ပုံတောင် PDF အနေဖြင့် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD နှင့် MOHAI တို့ကို သတင်းပေးတိုင်ကြားထားသော်လည်း ယခုအချိန်အထိ ဖြေရှင်းပေးမှု မရှိကြောင်း ပုံတောင် PDF က ပြောသည်။
“ကျွန်တော်ကို မျက်ခွက်တွေ ကန်တယ်။ အနားမှာရှိတဲ့ ဝါးစိမ်းတုတ်နဲ့ အချက် ၇၀ လောက်ရိုက်တယ်။ ဓားအိမ်တွေနဲ့လည်း မျက်နှာတွေရိုက်တယ်။ ကျွန်တော်ကို သေနတ်တွေအပ်ရင် လွတ်ပေးမယ်ပြောတယ်။ ကျွန်တော်မှာ ပကဖ ကချပေးထားတဲ့ သေနတ် ၉ လက် ရှိပါတယ်။ ဒါကိုသူတို့ အပ်ခိုင်းတယ်။ ကျွန်တော်လည်း အသက်အန္တရယ်စိုးရမ်ရတဲ့အတွက် အပ်ခဲ့ပြီးကာမှ လွတ်မြောက်လာပါတယ်။ ဒီကိစ္စကိုလည်း ဘယ်သူ့ကိုမှ မပြောဖို့နဲ့ ပြောခဲ့ရင် မိသားစုလိုက်ကိုပါ သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်”ဟု Pone-Taung Revolution Force တပ်ဖွဲ့ဝင် ဦးမင်းအောင်က ပြောသည်။
ပုံတောင် PDF မှ ထုတ်ပြန်သည့် ရုပ်သံဖိုင်ထဲတွင် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ၏ ရိုက်နှက်မှုကြောင့် ဦးမင်းအောင်၏တင်ပါးတွင် ညိုမည်းပေါက်ပြဲဒဏ်ရာများကို တွေ့ရှိရသည်။
အဆိုပါကိစ္စနှင့် ပတ်သတ်၍ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ကို ဆက်သွယ်မေးမြန်းရာ အောက်တိုဘာလ ၂၇ ရက်နေ့က ပကဖအဖွဲ့မှ ဖမ်းဆီးထားသည့် ပျူစောထီးများကို စစ်တပ်က လေယာဉ်ဖြင့်လာရောက်ကယ်ဆယ်ခဲ့ပြီးနောက် ကျန်ရှိသည့် ပျူစောထီး အဖွဲ့ဝင်များကို မည်သူ့ကိုမှ အကြောင်းမကြားဘဲ ထိမ်းသိမ်းထားသည့်အတွက် ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ကြောင်း မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) ၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
“ကျွန်တော်တို့ဘက်မှာ လွန်ခဲ့တဲ့ ၂၇ ရက်နေ့က လေယာဥ်နဲ့ဗုံးကြဲပြီး ပကဖ က ဖမ်းဆီးထိမ်းသိမ်းထားတဲ့ ပျူတွေကို စစ်တပ်ကလေယာဥ်နဲ့လာသယ်တယ်။ ကျန်ခဲ့တဲ့ ပျူအချို့ကို သူတို့က ခေါ်ယူထိမ်းသိမ်းထားတယ်။ သူတို့က ပကဖ လဲအကြောင်းမကြားဘူး ကျွန်တော်တို့နယ်မြေအဖွဲ့အစည်းတွေလဲ အကြောင်းမကြားဘူး။ ဒါကြောင့် ကျွန်တော်တို့ ခေါ်ယူစစ်ဆေးမေးမြန်းတဲ့သဘောပါပဲ”ဟု မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ၏ ပြန်ကြားရေးတာဝန်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) အဖွဲ့က ၎င်း ဖြစ်စဥ်နဲ့ပတ်သက်ပြီး ပကဖ တပ်ရင်းများ၊ ပုလဲမြို့နယ်အတွင်းက အဓိကတပ်ရင်းတွေကို ဖြေရှင်းထားပြီးဖြစ်ကြောင်း MRDA ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။
#ဗိုလ်နဂါး #ပုလဲ #ပုံတောင် #PDF #Ayeyarwaddy_Times