ဧရာဝတီတိုင်းမ်
(ချင်းပြည်နယ်)၊ နိုဝင်ဘာ ၂၆ ရက်
ချင်းပြည်နယ်အတွင်း ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပိုမိုပြင်း ထန်လာပြီး စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်မှုများပိုမိုလုပ်ဆောင်လာကြောင်းဒေသကာကွယ် ရေးတပ်များထံမှ သိရသည်။
ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားရာတွင် ဒေသကာကွယ်ရေးဘက်က မြေ ပြင်တိုက်ပွဲများတွင် အရေးသာမှုများကြောင့် စစ်ကောင် စီဘက်က သေဆုံးထိခိုက်မှုများပြားပြီး လေကြောင်းတိုက်ခိုက်မှုကို ပိုမိုလုပ်ဆောင်လာခြင်းဖြစ်ကြောင်း ချင်းလဲန်းပူးတွဲကာကွယ်ရေးကော်မတီအဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
“မြေပြင်တိုက်ပွဲတော်တော်များများမှာ စစ်ကောင်စီဘက်က သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုများပြားတယ်။ ကျွန်တော်တို့ ဘက်ကအရေးသာနေတော့ ပွင့်လင်းရာသီလည်းဖြစ်တော့ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေကို ပိုမိုအသုံးပြုလာတာဖြစ်တယ်။ လေကြောင်းနဲ့ တိုက် ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာပေမယ့် ကျွန်တော်တို့ဘက်က ထိခိုက်မှုမရှိဘူးပေါ့နော်။ အခုလည်း လေကြောင်းကနေ ကျွန်တော်တို့ရဲ့ တည်နေရာတွေ စုံစမ်းမှုတွေ ဆက်လက်ပြုလုပ်နေတယ်။ လေကြောင်းနဲ့ တိုက် ခိုက်လာတဲ့အခါမှာ စစ်ကောင်စီဘက်က ပြည်သူတွေကိုပါ ပစ်မှတ်ပုံစံတိုက်ခိုက်လာတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ရော ချင်းပြည်နယ်မှာရှိတဲ့ ဒေသကာကွယ် ရေးတပ်တွေ အသီးသီးတွေရော မပေါ့ဆဘဲနဲ့ လေကြောင်းရန်ကနေ သတိရှိကြဖို့ ပြောကြားချင်ပါတယ်”လို့ ချင်းလဲန်းပူးတွဲကာကွယ်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများအရှိန်မြှင့်တင်ပြီးလုပ်ဆောင်လာမှုအပေါ် ကောလဟာလသတင်းများမကြာခဏထွက်ပေါ်ကာ ဒေသခံပြည်သူလူထုများက စိုးရိမ်နေကြပြီး ပြည်သူ လူထုများအနေဖြင့် အရမ်းစိုးရိမ်စရာမလိုသလို သတိပေါ့ဆစွာ မနေထိုင်ကြရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNC)က အဖွဲ့ဝင်တစ်ဦးက ပြော ဆိုသည်။
“စစ်ကောင်စီတပ်တွေက အဆုံးစွန်အထိ ခရီးသွားကြဖို့ စီစဉ်နေကြပြီ။ လေကြောင်းတိုက်ခိုက်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့ ကျွန်တော်တို့ဆီမှာ အကာ အကွယ်မရှိသေးဘူး။ ချင်းပြည်နယ်၊ ဒေသအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာဖို့ဆိုရင် ဒေါ်လာ တစ်သိန်းနဲ့ သုံးသိန်းကြားမှာ ကုန်ကျတယ်။ ချင်းပြည်နယ်၊ စစ်ကောင်စီခန့်ဝန်ကြီးချုပ်ရဲ့ မှတ်ချက်ချတဲ့နေရာတွေတော့ အချိန်မရွေးလေကြောင်းတိုက်ခိုက်လာနိုင်တယ်။ အရမ်းကြီးလည်းစိုးရိမ်စရာမလိုသလို ပေါ့ပေါ့ဆဆနေလို့လည်းမရဘူးလို့ သုံးသပ်ပြပါတယ်”လို့ ကြားကာလ ချင်းအမျိုး သားအတိုင်ပင်ခံကောင်စီ(ICNC)က အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောကြားသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ဇူလိုင်လ ၂ ရက်နှင့် စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရှိခဲ့ပြီး ပြည်သူနေအိမ်အများအပြားပျက်စီးသွားကြောင်း ဒေသကာ ကွယ်ရေးတပ်၏ ထုတ်ပြန်ချက်အရသိရသည်။
အလားတူ ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်ကြားနှင့် ဖလမ်းမြို့နယ်တို့တွင် ယခင်၊ အောက်တိုဘာလမှ စတင်ပြီး လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လာမှုကြောင့် ပြည်သူလူထုများထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ်များလည်း ပျက်စီးသွားကြောင်းဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီလေတပ်တိုက်လေယာဥ်တချို့။
#ချင်းပြည်နယ် #စစ်ကောင်စီတပ် #လေကြောင်းတိုက်ခိုက်မှု #ပိုမိုလုပ်ဆောင် #AyeyarwaddyTimes