ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၆ ရက်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့ညပိုင်းက ခရိုင်မီးသတ်တပ်ဖွဲ့ရုံးနားက နေအိမ် ဖောက် ထွင်းခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နေအိမ်ဖောက်ထွင်းခံရမှုကြောင့် ဖုန်း ၄ လုံးနဲ့ ငွေကျပ် ၁ သိန်းနီးပါး ပျောက်ဆုံးခဲ့ပေမယ့် ကျန်တဲ့ တန်ဖိုး ရှိတဲ့ပစ္စည်းတွေတော့ ပျောက်ဆုံးတာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ညကဖြစ်တာ ပြန်ကြားရတာပေါ့နော်။ ဖုန်း ၄ လုံးနဲ့ ပိုက်ဆံတွေပါသွားတယ်ကြားတယ်။ အဲ့နားက လုံခြုံရေးတွေလည်း ရှိတဲ့နေရာ ဘယ်လို ဖောက်ထွင်းသွားလည်းတော့ မပြောတက်ဘူး”လို့ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ခရိုင်မီးသတ်တပ်ဖွဲ့ရုံးနားမှာ နေအိမ်ဖောက်ထွင်းခံရတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့မှာ အမှုဖွင့်မရအောင် စစ်ကောင်စီတပ်သားတွေက ဖိအားပေးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“သူတို့သိက္ခာကျမှာစိုးလို့ ထင်တယ်။ ခုထိ အမှုမဖွင့်ရသေးဘူး။ ရဲကလည်း လာမေးတာမျိုးလည်း မရှိဘူး။ ဒီတိုင်း
ငြိမ်ခံနေရတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လပွတ္တာမြို့မှာ အောက်တိုဘာလဆန်းပိုင်းက စတင်ကာ ဖုန်းပျောက်ဆုံးမှု၊ ဆိုင်ကယ်အခိုးခံရမှု၊ လုယက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလာပေမယ့် ရဲတပ်ဖွဲ့အနေနဲ့တော့ တရားခံဖမ်းဆီးနိုင်တာမျိုး မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

#လပွတ္တာ #နေအိမ် #ဖောက်ထွင်းခံရ #AyeyarwaddyTimes