ဧရာဝတီတိုင်းမ်
နို၀င်ဘာလ ၂၆ ရက်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဘိတ်ထား၀ယ်ခရိုင် တပ်မဟာ (၄) နယ်မြေများတွင် နို၀င်ဘာလ (၁) ရက်နေ့မှာ (၁၆) ရက်နေ့အထိ ၁၆ ရက်အတွင်း တိုက်ပွဲအကြိမ် ၃၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၈ ဦး သေဆုံးကာ KNLA KNDO ဘက်မှ ၂ ဦးကျဆုံးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များမှ (၄၈) ဦးသေဆုံးကာ (၂၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များဖက်မှ တိုင်းပြည်နဲ့လူမျိုးအတွက် (၂) ဦး အသက်စွန့်ခဲ့ရပြီး (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော (ခလရ-၂၂၄ ခမရ-၅၅၉ ခမရ-၅၆၀ ခမရ-၂၈၁ ခမရ-၅၅၇ ခမရ-၅၅၈ ခမရ-၅၆၁) တို့နှင့် တပ်ရင်းအမည်မသိ သေးသော အခြား စစ်ကောင်စီတပ်ရင်းများမှ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်ထား၀ယ် ခရိုင် တပ်မဟာ (၄) လယ်ကဆော မြို့နယ် KNLA တပ်ရင်း (၂၀၃) ၊ လယ်မူလားမြို့နယ် KNDO တပ်ရင်း (၇)၊ ကစယ်ဒိုမြို့နယ် KNLA တပ်ရင်း (၁၂) ၊တနောသရီမြို့နယ်နှင့် လယ်ဒိုစိုးမြို့နယ်များအတွင်းသို့ စစ်ရေးလှုပ်ရှားမှုများ အဆင်မပြတ် ပြုလုပ်နေသည့်အတွက်ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့်ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဘိတ်ထား၀ယ်ခရိုင် တပ်မဟာ (၄) နယ်မြေများအတွင်းတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစပြီး နို၀င်ဘာလ (၁၆) ရက်နေ့ အထိ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၁၂၃) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ (၂၄၆) ဦး သေဆုံးကာ (၂၃၉) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်ပါ စာရင်းများအရ သိရသည်။
ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO တို့မှ တိုင်းပြည်နဲ့လူမျိုးအတွက် (၁၄) ဦး အသက်စွန့်ခဲ့ရပြီး (၇) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
#KNU #တပ်မဟာ(၄) #စစ်ကောင်စီ #KNLA #KNDO #တိုက်ပွဲ
#Ayeyarwaddy_Times