MBN၊ ဧရာဝတီတိုင်းမ်
(သီပေါ)၊ နိုဝင်ဘာလ ၂၆ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ကုန်းသာကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက် နံနက်အစောပိုင်း၌ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း SSPP/SSA Info က သတင်းထုတ်ပြန်သည်။

ကုန်းသာကျေးရွာတွင် နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ ရှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်သစ်ဆွမ်းကပ်လှူပွဲကျင်းပပြုလုပ်ရာသို့ SSPPတပ်ဖွဲ့မှ သွားရောက် လုံခြုံရေးရယူပေးရာမှ အင်အား(၈၀)ခန့်ရှိသည့် စစ်ကောင်စီတပ်၏ ခလရ(၆၈)နှင့် ခလရ(၂၃)တို့မှ ပူးပေါင်း ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟု SSPP/SSA Info၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိရာ လက်ရှိတွင် နှစ်ဖက်တပ်မှ စစ်အင်အား ဖြည့်တင်းမှု ပြုလုပ်နေသည့်အတွက် စစ်ရေး တင်းမာလျက်ရှိကြောင်း SSPP၏ အာဘော် SSPP/SSA Info သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲကြောင့် ကုန်းသာကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ ၆၀၀ခန့်မှ လုံယွန်းဘုန်းတော်ကြီးကျောင်းနှင့် သီပေါမြို့အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

SSPP/SSAတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီ ဖိတ်ခေါ်သည့် ပထမအကြိမ်၊ ဒုတိယအကြိမ် ငြိမ်းချမ်း‌ရေးဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နှင့် မကြာခဏတိုက်ပွဲ ဖြစ်ပွားလေ့ရှိကြောင်းသိရသည်။

ဓါတ်ပုံ – SSPP/SSA Info