ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၆ ရက်

ရန်ကုန်တိုင်း၊သာကေတမြို့နယ်ရှိ ကမာကြည်တံတားပေါ်မှ ယနေ့ နိုဝင်ဘာလ ၂၆ ရက် မနက်ပိုင်းတွင် အမျိုး သမီးငယ်တစ်ဦး ခုန်ချသတ်သေရန်ကြံစည်နေ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ပေးခဲ့ရကြောင်း မြို့အခြေစိုက်ပရဟိတအသင်းများထံကသိရသည်။

အမျိုးသမီးငယ်တစ်ဦး ကမာကြည်တံတားပေါ်မှ ခုန်ချရန်ကြံစည်နေသည်ဟုမြို့ခံများမှအကြောင်းကြားလာသဖြင့် ကယ်ဆယ်ရေးအဖွဲ့များမှသွားရောက်ကာ ယင်းကဲ့သို့မလုပ်ဆောင်ရေးထိန်းသိမ်းပြောဆိုဖျောင်းဖျခဲ့ရာ တားဆီးနိုင်ခဲ့သည်ဟုဆိုသည်။

“ဒီမနက် ကမာကြည်တံတား သာကေတဘက် တံတားပေါ်ကနေ အမျိုးသမီးငယ်တစ်ဦးခုန်ချဖို့ကြံစည်နေလို့ ကရုဏာကမ်းလက်အသင်း၊ မိုးစက်အသင်းနဲ့တခြားပရဟိတအသင်းတွေသွားရောက်ပြီး ခုန်မချဖို့ ချော့မော့ဖျောင်းဖျပြီးတားဆီးပေးခဲ့တယ်။ သူဘေးကင်းပါတယ် “ဟု သာကေတမြို့နယ်အခြေစိုက် ပရဟိတအသင်းတခု၏တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိအချိန်တွင် အဆိုပါအမျိူးသမီးငယ်မှာ ဘေးကင်းလျက်ရှိနေကြောင်းနှင့် ၎င်း၏ဂုဏ်သိက္ခာအရ အမည်၊နေရပ်၊ယင်းကဲ့သို့လုပ်ဆောင်ရသည့်အကြောင်းရင်းအား ထုတ်ဖော်ပြောဆိုလိုခြင်းမရှိကြောင်း ၄င်းကဆက်ဆက်ပြောသည်။

မျက်မြင်တွေ့ရှိသူဒေသခံတစ်ဦးမှ “မနက်က အဲဒီကောင်မလေးက တံတားပေါ်ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်လုပ်နေတာ။ ဝေ့လည်ဝေ့လည်နဲ့ နောက်တံတားလက်ရန်းမှာ ရပ်ပြီးတံတားအောက်ငုံ့ ကြည့်နေတာ။ မသင်္ကာတာနဲ့ ဒီနားလူကတွေနဲ့ ပရဟိတအဖွဲ့တွေဆီ ဖုန်းဆက်လိုက်ကြတာ”ဟု ဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့က အဆိုပါ သာကေတ ကမာကြည်တံတားပေါ် မှ အမျိုးသား ၁ ဦး၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင်လည်း ကမာကြည်အမှတ် ၂တံတားပေါ်မှ အသက် ၂၀ ဝန်းကျင်အမျိုးသမီး ၁ ဦး ငမိုးရိပ်ချောင်းအတွင်းခုန်ချအဆုံးစီရင်ခဲ့ပြီး ယနေ့တွင်အမျိုးသမီးငယ်တစ်ဦးထပ်မံအဆုံးစီရင်ရန်ကြံစည်ခဲ့ခြင်း​ဖြစ်ကြောင်းသိရသည်။

#သာကေတ #ကမာကြည် #အမျိုးသမီးငယ်တစ်ဦး #ခုန်ချရန်ကြံစည် #AyeyarwaddyTimes