ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၅ ရက်

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းက ကျေးရွာတွေမှာ ရွှေဘိုခရိုင် PDF တပ်ရင်း ၁၈ ၏ ယူနီ ဖောင်းများဝတ်ဆင်ကာ လုယက်၊ သတ်ဖြတ်၊မီးရှို့မှုများလုပ်ဆောင်နေကြောင်း အဆိုပါတပ်ရင်းခေါင်းဆောင်ထံကသိရသည်။

ယခုလဒုတိယအပတ်အတွင်း ဝက်လက်မြို့နယ်တော် လှန်ရေးအင်အားစု ရွှေဘိုခရိုင်တပ်ရင်း ၁၈ စခန်း စစ်ကောင်စီတပ်များ၏ဝင်ရောက်စီးနင်းခြင်းခံခဲ့ရပြီးနောက် PDF ယူနီဖောင်းများအပါအဝင်အသုံးအဆောင်ပစ္စည်းများကို စစ်ကောင်စီတပ်များမှသိမ်းဆည်းသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါသိမ်းဆည်းခံခဲ့ရသည့် PDF ယူနီဖောင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝတ်ဆင်ကာ ရွှေဘိုခရိုင်အတွင်းလုယက်၊သတ်ဖြတ်မှုများလုပ်ဆောင်နေပြီး PDF နှင့် ပြည်သူလူထုအကြား အထင်အမြင်လွဲမှားအောင်လုပ်ဆောင်နေကြောင်းတပ်ဖွဲ့ခေါင်းဆောင်ကပြောသည်။

” ဒီလဒုတိယအပတ်လောက်က ကျနော်တို့အခြေစိုက် စခန်းစီးနင်းခံလိုက်ရပြီး ယူနီဖောင်းတွေထည့်ထားတဲ့ ပီနံအိတ် ၃ အိတ်၊ အခြားအဝတ်အစားတွေနဲ့ ဆေးပစ္စည်းတွေကို ယူသွားတယ်။ စစ်ခွေးတွေက စခန်းကရသွားတဲ့ တပ်ဖွဲ့ရဲ့ယူနီဖောင်းအသစ်တွေကို ဝတ်ပြီး ရွာတွေထဲသောင်းကျန်း လူသတ်လုယက်မှုတွေဆက်တိုက်လုပ်နေတယ်။ ကျွန်တော်တို့တပ်ရင်းကို ပြည်သူတွေအထင်မြင်လွဲအောင် ရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေတာ” ဟု ရွှေဘိုခရိုင်PDF တပ်ရင်း ၁၈ ခေါင်းဆောင် ဗိုလ်စွန်ရဲကဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်မှယင်းကဲ့သို့လုပ်ဆောင်နေသဖြင့် လက် ရှိယူနီဖောင်းများကို ဆက်လက်အသုံးပြုမှာမဟုတ်ဘဲ ပြောင်းလဲဝတ်ဆင်သွားမည်ဟုဆိုသည်။

”အခုယူနီဖောင်းတွေကို ဒီနေ့မှစပြီး လုံးဝဝတ်ဆင်ခြင်း၊ အသုံးပြုခြင်းမရှိတော့ကြောင်း အသိပေးချင်ပါတယ်။ ဒီလိုဝတ်ထားတဲ့သူဆိုရင် ကျွန်တော်တို့ရဲဘော်တွေမဟုတ်ပါဘူး။ တပ်ရင်းနဲ့လည်းပတ်သက်မှုမရှိတာကို တခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို အသိပေးချင်ပါတယ်”ဟု ၎င်းမှဆက်လက်ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝက်လက်နှင့်ရွှေဘိုမြို့နယ်များအတွင်းရှိ ကျေးရွာ ၁၀ ရွာထက်မနည်းကို စစ်ကြောင်းထိုးကာ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသဖြင့် ဒေသခံများတိမ်း ရှောင်ထွက်ပြေးနေရကြောင်း သိရသည်။

ပုံစာ – ရွှေဘိုခရိုင်PDF တပ်ရင်း ၁၈ ရဲဘော်များလက်ရှိဝတ်ဆင်အသုံးပြုသည့်ယူနီဖောင်း။
#ရွှေဘို #PDF #တပ်ရင်း ၁၈ #စစ်အုပ်စု #ယူနီဖောင်း #ပြောင်းလဲ #AyeyarwaddyTimes