ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၅ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ကြိုးတံတားအောက်မှာ ၂၀၂၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က လူငယ်စုံတွဲကိုသတ်ပြီး ပစ္စည်းလုယူသွားတဲ့ တရားခံ ၃ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်တွေချမှတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအ၀န်းက သိရပါတယ်။

တရားခံများကို တရားရုံးထုတ်စစ်ဆေးချိန် ၁နှစ်နဲ ၄ လ အကြာ နို၀င်ဘာလ ၂၄ရက်နေ့မှာ ပုသိမ်ခရိုင်တရားရုံးက တရားခံအမျိုးသား ၂ ဦးကို လူသတ်မှုအတွက် သေဒဏ်၊ လုယက်မှုအတွက်ထောင်ဒဏ် ၁၀နှစ်၊ လုယက်ပစ္စည်းများရောင်းချပေးတဲ့ အမျိုးသမီးကို ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ကြိုးတံတားမှာ မနှစ်က စုံတွဲကိုသတ်ပြီး ဆိုင်ကယ်ရော ဆွဲကြိုးတွေရော ယူပြီးပြေးတဲ့ တရားခံတွေပါ။ ချစ်မင်းသူနဲ့ ကျင်အောင်ထွေးက သေဒဏ်ရယ် ထောင် ၁၀ နှစ်ရယ်။ ပစ္စည်းရောင်းပေးတဲ့ ကျင်အောင်ထွေးမိန်းမ ထက်ထက်မိုးဦးက ထောင် ၂ နှစ်ချမှတ်လိုက်တာပါ” လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လ ၁၄ ရက်က ကြိုးတံတားအောက်မှာ စကားပြောနေတဲ့လူငယ်စုံတွဲ ၂ ဦးကို သတ်ပြီး ရွှေနဲ့ဆိုင်ကယ်ကိုလုယူထွက်ပြေးခဲ့ကြတာဖြစ်ပြီး ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေကတဆင့် ခြေရာခံကာ တရားခံတွေကို ဇွန်လ၁၉ရက်နေ့မှာ ပုသိမ်မြို့နယ်၊ ကြောင်ပန်းကုန်းရွာ နဲ့ လပွတ္တာမြို့တို့မှာ ဖမ်းဆီးရမိခဲ့တာပါ။

ကျူးလွန်သူတွေဟာ ပုသိမ်မြို့နယ်၊ ကြောင်ပန်းကုန်းရွာမှာနေထိုင်တဲ့ ချစ်မင်းသူဆိုသူနဲ့ လပွတ္တာမြို့က လာရောက်နေထိုင်တဲ့ ကျင်အောင်ထွေးနဲ့ သက်သေခံပစ္စည်းတွေကို ရောင်းချပေးတဲ့ ကျင်အောင်ထွေးရဲ့မိန်းမ မထက်ထက်မိုးဦးတို့ဖြစ်ပြီး ရုံးထုတ်စစ်ဆေးပြီးတစ်နှစ်ကျော်အကြာမှာခုလိုအမိန့်တွေချမှတ်ခဲ့တာလို့ တရားရုံးအသိုင်းအ၀န်းကနေသိရပါတယ်။

#ပုသိမ် #ကြိုးတံတား #လူသတ် #လုယက်မှု #သေဒဏ်
#Ayeyarwaddy_Times