ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၅ ရက်

ချင်းပြည်နယ် ဟားခါးမြို့နှင့် ဖလမ်းမြို့တွင် တော်လှန်ရေးကာလ ဖြစ်သည့် အတွက် ၂၀၂၂ ခုနှစ် ခရစ္စမတ်ပွဲနှင့် ၂၀၂၃ ခုနှစ် နှစ်သစ်ကူး ပွဲများကို စည်ကားစွာ မပြုလုပ်ရန် ခရစ်ယာန် ဘာသာရေး အဖွဲ့များက အသိပေးစာများ ထုတ်ပြန်ကြောင်း သိရသည်။

ပုံမှန် ဘုရားကျောင် တက်သကဲ့သို့ ဝပ်ပြု အစည်းအဝေး ပြုလုပ်ရန်နင့် အိမ်အလှဆင်မှု အပိုင်းတွင်လည်း အိမ်အတွင်းပိုင်း များကိုသာ အလှဆင်မှု ပြုလုပ်ကြရန် သက်ဆိုင်ရာ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင် အဖွဲ့များက အသိပေး စာများ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဖလမ်းမြို့အသင်းတော် အသီးသီးသို့ ယခုနှစ် ခရစ္စမတ်ပွဲတော်နှင့် ၂၀၂၃ ခုနှစ် နှစ်သစ်ကူးပွဲတို့နှင့် ပတ်သက်ပြီး စည်ကားစွာ မလုပ်ဘဲ အသင်းတော်အလိုက် ညစာစားပွဲများ ပြုလုပ်လျှင်လည်း တိတ်တဆိတ် ပြုလုပ်ရန်၊ ညဂေရိုလှည့် သီချင်းဆိုခြင်း မပြုလုပ်ရန်၊ နှစ်သစ်ကူးနေ့ကို ကြိုဆိုရန် ညဘက်ပွဲ အစီအစဉ်များ လုံးဝ မပြုလုပ်ကြရန်၊ ဘုရားကျောင်း အပါအဝင် မိမိတို့ အိမ်အလှဆင်ရာတွင် အိမ်အတွင်းပိုင်းမှအပ မည်သည့်အပြင်ကိုမှ အလှဆင်ခြင်း မပြုလုပ်ရန်တို့ကို ဖလမ်းမြို့ခရစ္စယာန် ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင် အဖွဲ့ (FCMF) က နိုဝင်ဘာလ ၉ ရက်နေ့တွင် အသိပေးစာ ပို့ခဲ့ကြောင်းလည်း သိရသည်။

အခုလို အသိပေးစာ ထုတ်ရတာဟာ တော်လှန်ရေးကာလ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ပြည်သူများ ဘေးကင်း လုံခြုံဖို့ ဖြစ်တယ်။ အဓိကတော့ မြို့ပေါ်တွေမှာပဲ၊ ကျေးရွာ နယ်မြေဒေသတွေမှာတော့ သက်ဆိုင်ရာ ဒေသကာကွယ်ရေး တပ်တွေ က ထိန်းချုပ်တာ ဆိုတော့ သူတို့က လွတ်လပ်စွာ ပွဲတွေ လုပ်လို့ရပါတယ်။ ဒီအသိပေးစာက ကျေးရွာ ဒေသခံတွေကိုတော့ သိပ်ပြီး မသက်ဆိုင်ဘူးဟု ဖလမ်းမြို့ဒေသခံ ပါစတာ တစ်ဦးကလည်း ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

အလားတူ ခရစ္စမတ်နေ့နှင့် နှစ်သစ်ကူး နေ့ရက်များတွင် ပုံမှန်ဝပ်ပြု အစည်းအဝေးပြုလုပ်ပြီး အသင်းတော်အလိုက် ညစာစားပွဲများ မပြုလုပ်ရန်၊ ဘုရားကျောင်း ဆိုင်းဘုတ်နင့် အတွင်းပိုင်းမှအပ အပြင်ပိုင်းများကို အလှဆင်ခြင်းများ မပြုလုပ်ရန်နှင့် မိမိအိမ်များ အလှဆင်ရာတွင်လည်း အိမ်အတွင်းပိုင်းများကိုသာ အလှဆင်ရန် ဟားခါး ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင် အဖွဲ့ (HCMF) ကလည်း နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဟားခါးမြို့ အသင်းတော် သီးသီးသို့ အသိပေးစာ ပို့သည်ဟုလည်း ဆိုသည်။

ဟားခါးမြို့ဒေသခံ အမျိုးသမီးတစ်ဦးကလည်းကျွန်မတို့ မြို့ပေါ်က ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး အခုလို တော်လှန်ရေး စတင်တဲ့ အချိန်ကနေ ညဘက်မှာ ဝပ်ပြုကိုးကွယ် အစည်းအဝေး မလုပ်ဖြစ်တာ တော်တော်ကြာပါပြီ။ ဒီနှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူး နေ့တို့မှာ ပွဲတွေလုပ်ပြီး ကြီးကြီး ကျယ်ကျယ် မလုပ်ဖို့နဲ့ နေ့ခင်းဘက် ပုံမှန်ပဲ ဘုရားကျောင်းတက်ဖို့ အသင်းတော်က အသင်းအုပ်ကြီးတို့က ပြောတယ်ဟု ပြောပြသည်။

ခရစ္စမတ်နေ့နှင့် နှစ်သစ်ကူးနေ့များကို ခရစ်ယာန် ဘာသာပင်မက နှစ်စဉ် တကမ္ဘာလုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကာ ထိုနေ့တွင် ပွဲလမ်းသဘင်များ ကျင်းပပြီး အချင်းချင်း လက်ဆောင်များ ပေးခဲ့၊ ပျော်ခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသီမ်းပြီး တိုက်ပွဲများဖြစ်ပွား နေပြီးနောက် ချင်းပြည်နယ် မြို့ပေါ်အများစုတွင် ခရစ္စမတ် ပွဲတော်နင့် နှစ်ကူးနေ့များ စည်ကားစွာ မပြုလုပ်နိုင်တော့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။