ဧရာဝတီတိုင်းမ်
(သုံးဆယ်)၊ နိုဝင်ဘာလ ၂၅ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊သာယာဝတီမြို့နယ်၊ သုံးဆယ် မြို့က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ယနေ့ နိုဝင်ဘာလ ၂၅ ရက် မနက် ၆ နာရီဝန်း ကျင်တွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်းဒေသခံများထံကသိရသည်။

ပစ်သတ်ခံရသူမှာ စံရွေးတန်းရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်းထွန်း ဆိုသူဖြစ်ပြီး သုံးဆယ်မြို့ စျေးလယ်ခေါင်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ပွဲချင်း ပြီးသေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးသည် လူမှုကွန်ယက်တွင်စစ်ကောင်စီကိုဝေဖန်ရေးသားမှု၊ စစ်ကောင်စီကိုဆန့်ကျင်ပြီးရေးသားသည့် လူမှုကွန်ယက်ဆယ်လီများ၏အောက်တွင် မှတ်ချက်ပေးမှု စသည့် ရေးသားမှုများပြုလုပ်သည့်ဒေသခံများကိုပါ တိုင်ကြားဖမ်းဆီးခိုင်းသူဖြစ်ကြောင်းသိရသည်။

“သူကကြံ့ခိုင်ရေးဝန်ကြီးဟောင်းမြင့်လွင်ဦးရဲ့တပည့်ရင်း ၊ သူတို့လုပ်သမျှကသူတို့ဆရာ ပုံရိပ်မြင့်အောင်လုပ်နေကြတာ၊အာဏာစသိမ်းထဲကစစ်တပ်နဲ့ပေါင်းပြီးနေတယ်၊ သူ့ရုံးမှာ စစ်တပ်ကိုတပ်စွဲခွင့်ပြုပြီး တစ်နေ့ တစ်နေ့သိန်းချီကုန်ခံပြီး ကျွေးမွေးနေတာ၊ ပန်ဆယ်လို ပို့စ်မှာ ကွန့်မန့်ပေးလဲ သူကတိုင်ပြီးဖမ်းခိုင်းတယ်။ ပရိုဖိုင် အနီတွေ အနက်တွေ ချိန်းလဲတိုင်တယ်၊ဖမ်းခိုင်းတယ်” ဟု သာယာဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူးသည် အာဏာသိမ်းကာလမှစတင်၍ ၎င်းရပ်ကွက်ရုံး၌စစ်တပ်အားတပ်စွဲခွင့်ပြုပြီး ယခုအခါတွင် အတင်းအကျပ်ဧည့်စာရင်းစစ်ခြင်း၊ လူမှုကွန်ယက်တွင်စစ်ကောင်စီပေါ်ဝေဖန်သည့် သူများကိုတိုင်ကြားဖမ်းဆီးခြင်းများရှိပြီး ၎င်းကြောင့်ဖမ်းဆီးခံထားရသူများလည်း ရှိသည်ဟုဆိုသည်။

အဆိုပါ လုပ်ဆောင်မှုအား သာယာဝတီဂဠုန်တပ်ဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၄ ရက်တွင်လည်း အိုက်ကဒုန်းရွာအုပ်ချုပ်ရေးမှူးမင်းနိုင်နှင့် မြစ်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူးကြီးမြင့်တို့အား ရှင်းလင်းလုပ်ဆောင် ခဲ့ကြောင်းသိရသည်။

#သာယာဝတီ #သုံးဆယ် #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #AyeyarwaddyTimes