ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် မြင်းကဒေါင်ကျေးရွာမှ လူနေအိမ်အချို့နှင့် စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံး

ကိုအေး/ဧရာဝတီတိုင်းမ်
(ပန်းတနော်)၊ နိုဝင်ဘာလ၂၄ ရက်

ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်၊မြင်းကဒေါင်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျပြီး လူနေအိမ်အချို့နှင့်စိုက်ပျိုးမြေများပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာသည် အိမ်ခြေပေါင်း ၈၀ ကျော်ရှိကာ စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်စားသောက်နေပြီး ယခုအခါတွင် ကမ်းပါးများပြိုကာ ဘေးလွတ်ရာသို့ပြောင်းရွှေ့နေရကြောင်း ဒေသခံများထံက သိရသည်။

“ကျွန်မတို့အိမ်က အရင်တုန်းက မြစ်နဲ့အရမ်းဝေးပြီး မြစ်နဲ့ကျမတို့အိမ်ကြားမှာ ချောင်းငယ်လေးရှိတယ်။ အခုဆိုရင် ချောင်းမရှိ‌ တော့တဲ့အပြင် ကျွန်မတို့အိမ်ပါ ရွှေ့ပြောင်းနေရတယ်။ ကမ်းပြိုတာ။ ခုဆိုရင် သုံးနှစ်ဆက်တိုက်ရှိပြီ။ ပထမနှစ်ကတော့ စိုက်ပျိုးမြေတွေ စပြီးပြိုကာ အခုတော့ အိမ်တွေပါ ပြိုကျကာ ၁၅အိမ်လောက်နီးပါး ဖျက်ပြီး ပြောင်းရွှေ့နေရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါကျေးရွာမှ ဒေသခံများမှာ ၎င်းမြေများပေါ်တွင်ပြောင်း၊ကွမ်းခြံနှင့် ရာသီပေါ်ပင်များစိုက်ပျိုးကာ အသက်မွေး ရပ်တည်နေကြကြောင်းသိရသည်။

“အစက ကိုင်းမြေလောက်ဘဲပိုတော့ နေစရာအိမ်ရှိသေးတော့ တော်သေးတာပေါ့။ ခုဆိုရင် နေစရာအိမ်ပါ ကမ်းပြိုတဲ့အထဲ ပါတော့ သူများ နေရာတွေမှာ ခဏတောင်းပြီး ယာယီနေထိုင်ကြရတယ်။ တာဝန်ရှိသူတွေက ကမ်းပြိုလို့ အိမ်ဖျက်ရရင် တစ်သိန်းပေးပါတယ်။ အဲ့ငွေတစ်သိန်းက ဖျက်ခဘဲရှိတော့ ဘာလုပ်လို့ရမလဲ။ တကယ်လိုအပ်တာက နေစရာအိမ်လောက် ပြန်ရရင်တောင်သေးတာပေါ့”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြစ်ကမ်းပါးပြိုကျမှုမှာ မိုးရာသီတွင်သာမက လက်ရှိဆောင်းရာသီအထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ပြောင်းရွှေ့ရသော အိမ်များမှာ ဝါးဓနိနှင့် ပျဥ်ထောင်အိမ်များအပြင် တိုက်အိမ်များပါ ပါဝင်နေကြောင်း သိရသည်။

” တဖက်က သောင်ထွန်းနေတော့ ရေက ကျတော်တို့ရွာကို တိုက်ရိုက်ဝင်လို့ အခုလို ကမ်းက ဆက်တိုက်ပြိုကျနေတာ။ အဲ့ရေလမ်းကြောင်းကို လွှဲပေးနိုင်ရင် ကမ်းပြိုမှု သက်သာနိုင်တယ်”ဟု ဒေသခံ ရပ်ဖိရပ်ဖတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ်ပိုင်ဖြစ်သော ရွာသာကြီးကျေးရွာသည် ရွာလုံးကျွတ်နီးပါး ကမ်းပြိုမှုတွင် ပါရှိပြီး၊မြင်းကဒေါင်ကျေးရွာအပါဝင် မြစ်ကမ်းနှင့်နီးသော ကျေးရွာပေါင်း (၅)ရွာနီးပါး မြစ်ကမ်းပါးပြိုကျမှုဘေးအန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှသိရသည်။

#ပန်းတနော် #ဧရာဝတီမြစ် #ကမ်းပါးပြိုကျ
#Ayeyarwaddy_Times