ဟိန်းစံ / ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်
ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေအတွင်းကို စစ်ကောင်စီတပ်ရဲ့ ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊အင်း တိုင်အခြေစိုက် အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် ( တမခ ၁၁) လက်အောက်ခံတပ်ရင်းတချို့ ထပ်မံဝင် ရောက်လာတယ်လို့ KNLA သတင်းရင်းမြစ် တွေဆီကသိရပါတယ်။
နိုဝင်ဘာလတတိယအပတ်ကစလို့ စစ်ကောင်စီရဲ့တပ်မ ၁၁ လက်အောက် တပ်ရင်းတချို့ စတင်ရောက်ရှိ လာတာဖြစ်ပြီး လက်ရှိမှာ တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။
”ဒီရက်ပိုင်းထဲမှာဘဲ တပ်မ ၁၁ က စကစကောင်တွေထပ်ရောက်လာတယ်။ကြာအင်းဆိပ်ကြီးဘက်ကိုစစ်ကြောင်း ထိုးလာတာ ၁၁ လက်မောင်းတံဆိပ်တွေနဲ့။ တိုက်ပွဲတောင်နည်းနည်းဖြစ်သွားသေးတယ်” လို့ တပ်မဟာ ၆ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
တပ်မ ၁၁ လက်အောက်တပ်ရင်းတချို့ ကရင်ပြည်နယ်အတွင်းကိုပို့ဆောင်ပြီး တိုက်ခိုက်ရေး ဝင်ရောက်နေ တာမှန်ကန်တယ်လို့ ရဲမွန်တပ်မြို့နဲ့နီးစပ်သူတွေက အတည် ပြုထားပြီး စစ်တပ်ထောက်ခံ တဲ့တယ်လီ ဂရမ်ချန်နယ်တချို့မှာလည်း ယခုရက်ပိုင်းအတွင်းကော့ကရိတ်တောင်ပိုင်းကို တပ်မ ၁၁ တပ်ရင်းတွေတိုက်ခိုက်ရေးဝင်ရောက်နေတယ်လို့ရေးသားတာတွေကိုတွေ့ရပါတယ်။
”တပ်မ ၁၁ က ကရင်ပြည်နယ်ကို တပ်မတစ်ခုလုံး မဟုတ်ဘဲ ရဲမွန်ထဲက တပ်မအောက် ဗျူဟာ ၁ ခုရဲ့ တပ်ရင်း ၃ ရင်း လောက်ဝင်တယ်လို့ သိရတယ်၊ ခလရ ၂၁၄ ၊ ၂၁၅၊ ၂၁၆ တပ်တွေပါတယ်” လို့ ရဲမွန်စစ်ကောင်စီတပ်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ကရင်ပြည်နယ်အတွင်း KNU တပ်မဟာ ၅ နဲ့ ၆ ထိန်းချုပ်နယ်မြေတွေအတွင်းမှာ စစ်ကာင်စီတပ်က ကျိုက်ထို အခြေစိုက် အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်( တမခ ၄၄) ၊ ထားဝယ်အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ် ( စကခ ၈) ၊ ဘုတ်ပြင်းအခြေစိုက် စကခ ၁၃ စတဲ့တပ်မတွေနဲ့အပြင် ကရင်ပြည်နယ်အတွင်းက နယ် မြေခံတပ်တွေနဲ့တိုက်ခိုက်ရေးလုပ်ဆောင်နေရာကနေ ၄ ခုမြောက် ပြင်ပတပ်မအဖြစ် ရန်ကုန်တိုင်းအခြေစိုက်တဲ့တပ်မ ၁၁ ကို ထည့်သွင်းအသုံးပြုလာတာဖြစ်ပါတယ်။
လက်ရှိတိုက်ခိုက်ရေးဝင်ရောက်နေတဲ့ စကခ ၈ နဲ့ စကခ ၁၃ တပ်မတွေနဲ့ လက်အောက်ခံတပ်တွေဟာ စစ်အာဏာမသိမ်းမီထဲက ကရင်ပြည်နယ်အတွင်းရှေ့တန်းစစ်စခန်းတွေမှာ ရောက်ရှိနေတာဖြစ်လို့ ၂ နှစ်ကျော် ကြာပြီဖြစ်ကာ တပ်မ ၄၄ နဲ့လက်အောက်တပ်ရင်းတွေကတော့ လေးကေ့ကော်ဒေသ ကရင် ပြည်နယ် တကျော့ပြန်တိုက်ပွဲတွေစတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စတင်ဝင်ရောက် လာတာဖြစ်လို့ ၁ နှစ်နီးပါး ကြာမြင့်ပြီဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ တပ်မ ၄၄ ၊ စကခ ၈ နဲ့ စကခ ၁၃ လက်အောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေဆုံးထိခိုက်ဒဏ်ရာရများပြားလွန်းတဲ့အပြင် အရှင်ဖမ်းဆီးခံရမှု၊ ကရင့်တော်လှန်ရေးအင်အားစုတွေဆီ CDM ပြုလုပ်ဘက်ပြောင်းလာမှုတွေကြောင့် အင်အားယုတ်လျော့လာလို့ နောက်ထပ်တပ်မ ၁ ခုထပ်မံထည့်သွင်းတာလို့ CDM တပ်မတော်သားတွေကပြောပါတယ်။
” ကရင်ပြည်နယ် ဒီ တပ်မဟာ ၅၊၆ထဲက လက်ရှိတိုက်နေတဲ့တပ်မတွေက ခုဖြစ်လာတဲ့တောက်လျှောက်စခန်းသိမ်းတိုက်ပွဲတွေမှာရော ထိတွေ့တိုက်ပွဲတွေမှာပါ စစ်ကောင်စီဘက်က သေတာ၊ ဒဏ်ရာရတာ၊ သုံ့ပန်းအဖြစ်ဖမ်း ဆီးရမိတာတွေက မြင်တွေ့နေရတဲ့အတိုင်းဘဲ တနှစ်အတွင်းကိုတအားများတယ်။ နောက် KNLA ၊ PDF တပ်မှူးတွေနဲ့ချိတ်ဆက်ပြီး CDM လုပ်လာတာတွေရောဆိုတော့ လက်ရှိတပ်မတွေမှာ အင်အားလျော့လာတော့ နယ်မြေရှင်းဖို့အတွက်ကို စခန်းအထိုင်တွေကနေ ထုတ်နှုတ်ဖို့အင်အားမရှိတော့ဘူး။ စခန်းတွေကထုတ်ပြီး နယ်မြေရှင်းလိုက်ရင်စခန်းမှာလူမကျန်တော့မှာကြောင့် နောက်တပ်မတစ်ခုထပ်ထည့်ပြီး စခန်းအထိုင်မဟုတ်ဘဲနဲ့ ကော့ကရိတ်နဲ့ကြားအင်းဆိပ်ကြီးတဝိုက်ကို နယ်မြေရှင်းပုံစံမျိုးထပ်ထည့်တာဖြစ်ဖို့များတယ်။ ခဏလည်းဖြစ်နိုင်သလို ကြာရင်လည်းကြာနိုင်တယ် အဲ့တာတော့နယ်မြေအခြေအနေနဲ့အင်အားလိုအပ်ချက်အပေါ်မူတည်မယ်။ ဘယ်လိုဘဲပြောပြော တပ်မဟာ ၅ နဲ့၆ ဂွင် ၂ ခုမှာတင် နယ်မြေခံတိုင်းတပ်၊စစ်ဗျူဟာတပ်တွေ၊ တိုက်ခိုက်ရေးတပ်မ ၃ ခုအပြင် နောက်ထပ် ၄ ခုမြောက်ထပ်ထည့်ရတယ်ဆိုတာ စစ်ကောင်စီဘက်ကအခြေအနေကိုမြင်သာပါတယ်” လို့ လွတ် မြောက်နယ်မြေရောက် CDM တပ်မတော်သားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ် ခြေလျင်တိုက်ခိုက်ရေးတပ်မ ၁ မရဲ့ ဖွဲ့စည်းပုံအရ တပ်မ ၁ ခုမှာ နည်းဗျူဟာ ၃ ခုရှိပြီး နည်း ဗျူဟာ ၁ ခုလက်အောက်မှာ တိုက်ခိုက်ရေးခြေလျင်၊ခြေမြန်တပ်ရင်း ၃ ရင်းရှိကာ တပ်မ ၁ မမှာ တပ်ရင်း ၁၀ ရင်းရှိတာဖြစ်ပြီး တပ်မ ၁ မရဲ့ခန့်မှန်းစစ်ထွက်အင်အားဟာ ၁၀၀၀ နဲ့ ၁၅၀၀ ကြားမှာရှိတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းဆီကသိရပါတယ်။
ဓာတ်ပုံ – တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၀၂ တပ်ရင်းက ဗိုလ်ကြီးရဲရင့်မောင်နဲ့အဖွဲ့ကို စက်တင်ဘာလအတွင်းက ကော်ဘရာစစ်ကြောင်းကအရှင်ဖမ်းမိထားစဥ်။
#ကရင်ပြည်နယ် #KNU #တပ်မဟာ #စစ်ကောင်စီ #အင်အားဖြည့်တင်း #တပ်မ ၁၁ #AyeyarwaddyTimes