ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်
နိုဝင်ဘာလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေရဲစခန်း တိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ ခမရ ၂၀၈ တပ်ရင်းမှ ဗိုလ်ကြီး ဟိန်းစိုးထွန်း အပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ ၃ ဦးထဲက တစ်ဦးဟာ တောင်ကလေးစခန်းတိုက်ခိုက်ခံရမှုမဖြစ်ပွားမှီ တစ်ရက်အလိုမှာ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ နေထိုင်တဲ့ သူ့ရဲ့ ဇနီးဖြစ်သူထံ ဖုန်းနဲ့ဆက်သွယ်ခဲ့တယ်လို့ ကျောက်ပန်တောင်းမြို့ခံတစ်ဦးက ပြောပါတယ်။
“တောင်ကလေး တိုက်ခိုက်မူမှာ ကျောက်ပန်တောင်းမြို့ လွတ်လပ်ရေးရပ်ကွတ်က ရဲအောင်ကျော်မိုး ကျသွားတယ်။ ထူးခြားတာက သူ သူတို့စခန်းသိမ်းမှာကို ကြိုသိ့နေတယ်။ မသေခင်ညက သူမိန်းဆိဖုန်းဆက်တယ်။ထွက်ပြေးရမလားဆိုပြိးတော့ပေါ့။ မိန်းမက ပြေးရင် သူတို့အဖမ်းခံရလိမ့်မယ်ဆိုပြိးပြန်ပြောတယ် ခုရပ်ကွက်ထဲမှာတော့ လူတိုင်းသိနေကြတယ်” လို့ ကျောက်ပန်းတောင်းမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
PDF တွေအနေနဲ့လည်း စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်း၊ ကင်းစခန်းများကို စခန်းသိမ်းတိုက်ခိုက်ရန် ပြင်ဆင်ချိန်ကတည်းက အဆိုပါ စခန်တွေမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ချအညံ့ခံဖို့ ကြိုတင်ကမ်းလှမ်းလေ့ရှိတယ်လို့ PDF အဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ထံ ရဲတပ်သားသစ် နည်းပါးလာသည့်အပြင် ရဲတပ်ဖွဲ့မှ ထွက်ပြေးသူတွေများလာတာကြောင့် စစ်ကောင်စီအနေနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်ထားတာဖြစ်နိုင်တယ်လို့ အငြိမ်းစားရဲတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
“အာဏာမသိမ်းခင်ကတည်းက စစ်ပြေး၊ရဲပြေးဆိုတာရှိတယ်။ ခုလောက်တော့ မများသေးဘူး။ တာဝန်ကျတဲ့နေရာကို မသွားရဲလို့ ပြေးကြတဲ့သူတွေပဲရှိတာ။ အာဏာသိမ်းပြီးနောက်ပိုင်းတော့ ရဲပြေးဖြစ်ဖို့ အကြောင်းအရင်းတွေ အများကြီးဖြစ်လာတယ်။ CDM လုပ်လို့ရတယ်။ PDF ဆီ လက်နက်အပ်ပြီး အလင်းဝင်လို့ရတယ်။ နောက်ဆုံး PDF တွေ လာတိုက်လို့ဆိုပြီး စခန်းစွန့်ခွာထွက်ပြေးလို့ရတယ်။ ရဲထဲဝင်တဲ့သူလည်း မရှိတော့ဘူး။ ရဲအင်အားလည်း နည်းနေတာကြောင့် ဒီလိုတွေလုပ်မှာစိုးလို့ ဖိအားပေးခြိမ်းခြောက်တဲ့နည်းနဲ့ ထိန်းချုပ်ထားပုံပါပဲ” လို့ အငြိမ်းစားရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ပြန်တက်တဲ့အထဲက ရဲတပ်ဖွဲ့ဝင်အချို့ဟာ ရက္ခိုင့်တပ်တော် – AAက ဖမ်းဆီးခံရသူနဲ့ ထွက်ပြေးသူ အနည်းဆုံး ၅၀ ကျော်ရှိမယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
အလားတူ စစ်ကောင်စီရဲ့ လေတပ်အတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ချိန် စစ်ဆင်ရေးမှာပါဝင်သူတွေရဲ့ မိသားစုတွေကို စစ်ကောင်စီတပ်တွေက စောင့်ကြည့်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ဦးဆီက သိရပါတယ်။
#ရဲတပ်ဖွဲ့ #ထွက်ပြေး #မိသားစု #ဖမ်းဆီး #ခြိမ်းခြောက်
#Ayeyarwaddy_Times