ဧရာဝတီတိုင်းမ်
(ရေး)၊ နိုဝင်ဘာလ ၂၄ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံရွာ၊ နှင်းစုံတံတားအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီကင်းစခန်းကို နိုဝင်ဘာလ ၂၃ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် Ye Guerrilla Forceနှင့် ပူးပေါင်းတပ်ဖွဲ့များမှသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေး-မော်လမြိုင် ကားလမ်း၊ နှင်းစုံတံတားအနီးတပ်စွဲထားသည့် ဗိုလ်ကြီးအပါအဝင် အင်အား ၂၀ ဦးဝန်းကျင်က်ို ကိုက် ၁၅၀ အကွာအဝေးမှ ၄၀ မမများဖြင့် ၁၀ ကြိမ်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း စက်သေနတ်များ၊ ၆၀ မမ၊ ၈၁မမ များဖြင့် အကြိမ် ၂၀ ကျော် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း YGFထံမှသိရသည်။
“စစ်ကောင်စီဘက်က ထိခိုက်မှုကိုတော့အတိအကျမသိရဘူး၊ အဲ့ဒီ ဘက်ကလူလည်းပြတ်တော့၊ ဒေသခံတွေလည်းသွားမကြည့်ရဲဘူး၊ သူတို့အဖွဲ့ထဲဗုံးကျတာတွေတော့တွေ့ရတယ်၊ ကျွန်တော်တို့ဘက်က လုံခြုံစွာနဲ့ပြန်ဆုတ်နိုင်ခဲ့တယ်”ဟု Ye Guerrilla Force မှာ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါစခန်းမှာ စစ်ကောင်စီစခန်းဟောင်းတစ်ခုဖြစ်ပြီး KNU မှ စခန်းသိမ်းဖျက်ဆီးပြီးနောက် ယခုအခါတွင် စစ်တပ်မှ ပြန်လည် စခန်းချတပ်စွဲနေခြင်းဖြစ်ကြောင်း သိရသည်။
ဒါ့ပြင် Ye Guerrilla Force အဖွဲ့သည် အောက်တိုဘာလ ၁၈ ရက်တွင်လည်း ရေးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ခလရ ၃၄၃ တပ်ရင်းအား ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း YGF ထံကသိရသည်။