ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်

မကွေးတိုင်း၊ပခုက္ကူခရိုင်အခြေစိုက်နဂါးညီနောင်ပြောက် ကျားတပ်ဖွဲ့စခန်း ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက် ညနေ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးစီးနင်းခြင်းခံခဲ့ရကြောင်း တပ်ဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။

ပေါက်နှင့်မြိုင်ဘက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အင်အား ၈၀ ခန့်စစ်ကြောင်း က နဂါးညီနောင် PDF စခန်းသို့ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ကင်းစောင့်ရဲဘော် နှစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟုဆိုသည်။

“မနေ့ကစစ်ကြောင်းထိုးလာတာကို သတင်းရချိန်မှာ ကင်းရဲဘော်တွေဖြစ်တဲ့ ဖိုးလုံးနဲ့ ချစ်သဲကို ကင်းသေချာစောင့်ဖို့ ဖုန်းဆက်ချိန်မှာ ဖုန်းဆက်လို့မရတော့ဘူး။ စက်ပိတ်ထားတယ်။ သတင်းရချိန်မှာ မမီတော့ဘူး။ ကင်းထောက်သွားကြည့်တော့ စခန်းကိုမီးရှို့ပြီး ရဲ ဘော်နှစ်ယောက်ကို ဖမ်းသွားပြီ။ ဒီမနက်ကျတော့ ရဲဘော်နှစ်ယောက်လုံး ကျဆုံးကြောင်းကို ဖမ်းဆီးခံရတဲ့ ရဲဘော်ဖိုးလုံးဖုန်းနဲ့ စစ်ခွေးတွေက မင်းတို့ရဲဘော်နှစ်ယောက်ကို သတ်လိုက်ပြီဆိုပြီး ဖုန်းဆက်လာတာပါ”ဟု နဂါးညီနောင်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပိုင်ကြီးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းမှဆက်လက်ပြီး “ကျွန်တော်တို့မှာ လက်နက်အင်အားမမျှတော့ ခုခံပြန်တိုက်လို့မရဘူး။ ဖမ်းထား တဲ့ရဲဘော်နှစ်ယောက်ကို စခန်းလိုက်ပြခိုင်းပြီး စခန်း ၃ ခုလုံးကိုမီးရှို့သွားတယ်။ ရိက္ခာတွေနဲ့ မိုင်းတွေပျက် စီးဆုံးရှုံးသွားတယ်”ဟု ဆိုသည်။

ကျဆုံးရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်မှ ယမန်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲဘော် ဖိုးလုံးနှင့် ချစ်သဲတို့မှာ အသက် ၂၁ နှစ်သာရှိသေးကြောင်းသိရသည်။

လက်ရှိတွင် နဂါးညီနောင်တပ်ဖွဲ့အနေဖြင့် လွတ် မြောက်ရာသို့ရောက်ရှိနေပြီဖြစ်ပြီး ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်းသိရသည်။

#ပခုက္ကူ #နဂါးညီနောင် #ပြောက်ကျားတပ် #စခန်းစီးနင်းခံရ #AyeyarwaddyTimes