နွေဦး/ဧရာဝတီတိုင်းမ်
(မအူပင်)၊ နိုဝင်ဘာလ ၂၄ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ နိုဝင်ဘာလ ၂၀ ရက်နေ့က အမှတ် ၈ ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီး တစ်ဦးကို စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
အသက် ၂၀ ကျော်အရွယ် မချစ်စုဝေကို စစ်ကောင်စီဘက်က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင်လုပ်ဆောင်နေတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာဆိုပြီး စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့် မီဒီယာတွေက တဆင့်ဖော်ပြတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ အိမ်တွေကို သန်ခေါင်းစာရင်းဝင်စစ်သလိုနဲ့ လက်ကိုင်ဖုန်းတွေကိုပါ စစ်တာ ဖုန်းထဲမှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ပုံတွေ စာတွေ တွေ့တာနဲ့ဖမ်းတာ ပြီးမှ ပုဒ်မတပ်တာ”လို့ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မချစ်ဝေကိုလည်း ဖုန်းထဲမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အချက်အလက်တွေ တွေ့ရှိတယ်ဆိုပြီး စွပ်စွဲ ချက်နဲ့ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖုန်းထဲမှာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ စာတွေတွေ့ရှိတယ်ဆိုကာ ဖမ်းဆီးသွားပြီး နောက် ၂ ရက်အကြာမှာပဲ ဝါဒဖြန့်သတင်းစာတွေကတဆင့် မချစ်စုဝေဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လှုံဆော်တာတွေ ဝါဒဖြန့်တာတွေလုပ်ဆောင်နေလို့ ဖမ်းဆီးထားပြီး အမှုဖွင့်အရေးယူ သွားမယ်ဆိုကာ သတင်းစာထဲမှာ ပါလာတာလို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်မြို့မှာ စစ်ကောင်စီတပ်နဲ့ သတင်းပေးတွေပေါင်းပြီး နိုဝင်ဘာလကစတင်ကာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဧည့်စာရင်းဝင်စစ်ပြီး နေအိမ်မှာရှိသူတွေရဲ့ ဖုန်းတွေကို ယူကာ စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ ဆိုပါတယ်။