ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်
မြန်မာအကျဉ်းထောင်တစ်ခုမှာ နှစ်နှစ်နီးပါး အကျဉ်းချခံရပြီးနောက် ပြီးခဲ့တဲ့အပတ်က လွတ်မြောက်လာ ခဲ့တဲ့ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်က စစ်ကြောရေးနဲ့ အကျဉ်းထောင်တွင်း ဖြတ်သန်းခဲ့ရပုံ တွေကို အင်တာဗျူးတစ်ခုမှာ The Australian သတင်းစာသို့ ပြောပြခဲ့ပါတယ်။
မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးဟောင်း ရှောင်တာနဲလ်က ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီးနောက် ၆ မီတာနှင့် ၂ ဒသမ ၅ မီတာကျယ်သော ပြတင်းပေါက်မပါတဲ့ အင်းစိန်ထောင်ရှိ အကျဉ်းတိုက်ခန်းမှာ သူ့ကို ချုပ်နှောင်ခဲ့တယ်လို့ ရှောင်တာနဲလ်က ဆိုပါတယ်။
အကျဉ်းတိုက်ခန်းမှာ ချုပ်နှောင်ခံနေရစဉ် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ သံပုံးတီးသံ တွေကို ကြားခဲ့ရတယ်လို့ သူက ပြောပါတယ်။
“ပေါက်ကွဲသံတွေ၊ သေနတ်သံတွေနဲ့ အနီးအနားအခန်းတွေမှာ လူတွေ နှိပ်စက်ခံနေရတဲ့ အသံတွေကို ကျွန်တော်ကြားခဲ့ရတယ်။ သူတို့ ငါ့ကိုတော့ ဒီလိုမလုပ်လောက်ဘူးလို့ တွေးမိတယ်။ သူတို့က အဲဒီအသံတွေကို ကျွန်တော့်ကို ကြားစေချင်နေတာ” လို့ သူက ပြောပြပါတယ်။
“သူတို့ အခြားအကျဉ်းသားတွေကို လုပ်သလို ကျွန်တော့်ကို လျှပ်စစ်ရှော့တိုက်တာတော့ မလုပ်ဘူး။ ဒါပေမယ့် ကျွန်တော့်ကို ညစ်ပတ်စုတ်ပြတ်နေတဲ့ အခန်းထဲမှာ ထားပြီး သံပုံးနဲ့ စားစရာကျွေးတယ်။ အကျဉ်းချခံရ တဲ့ ရက်ပေါင်း ၆၅၀ လုံး ကျွန်တော် သံပုံးထဲက အစာကို နှိုက်စားခဲ့ရတာ” လို့ ရှောင်တာနဲလ်က ဆိုပါတယ်။
နေပြည်တော် အကျဉ်းထောင်မှာ အကျဉ်းသားတွေကို တစ်ရက်လျင် နာရီ ၂၀ ကြာ တိုက်ပိတ်ကာ သံခြေ ချင်းခတ်ထားတယ်လို့ သူက ပြောပါတယ်။
“မိုးရာသီရောက်ရင် အကျဉ်းတိုက်ခန်းခေါင်မိုးက မိုးယိုပြီး ခေါင်မိုးကနေ ရေတွေစီးကျနေလို့ အဝတ်အ စားနဲ့ စောင်တွေ ရေမစိုအောင် ပိုက်ထားပြီး တညလုံး ထိုင်နေရတယ်” လို့ နေပြည်ထောင်တွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ရှောင်တာနဲလ်က ပြောပြပါတယ်။
Macquarie တက္ကသိုလ်မှ စီးပွားရေးပညာရှင်ဖြစ်သူ ဇနီးသည် ဟာဗူက ကိုယ်တိုင်လုပ်သည့် ကွတ်ကီး များ၊ ကိတ်မုန့်၊ စာအုပ်များကို သြစတြေးလျသံရုံးမှတစ်ဆင့် ပေးပို့ခဲ့တယ်လို့ သူက ပြောပါတယ်။
ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်သတင်းထောက် တိုရူကူဘီတာတို့နဲ့အတူ ပြီးခဲ့တဲ့အပတ်အ တွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်မလွတ်မြောက်မီ ရှောင်တာနဲလ်ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ စက်တင်ဘာလအတွင်း ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။
ကိုးကား – AFP
Ref; Australian Sean Turnell tells of Myanmar jail squalor, torture fear