ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်
မြန်မာနိုင်ငံကို ငြိမ်းချမ်းသော၊ သာယာဝပြောသော ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် တည်ဆောက်လိုတဲ့ မြန်မာပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို ပံ့ပိုးကူညီဖို့ အမေရိကန်နိုင်ငံက သံန္နိဌာန်ချထားဆဲဖြစ်ပါတယ်။
လွန်ခဲ့သောနှစ်နှစ်က တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပြုဖို့ မြန်မာပြည်သူ ၂၇ သန်းဟာ မဲရုံတွေကို သွားရောက်ခဲ့ပါတယ်။
ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ပြောင်းပြန်လှန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် မြန်မာပြည်သူတွေရဲ့ဆန္ဒ ငြင်းဆန်ခံခဲ့ရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေပြုလုပ်ကာ အရပ် သား ၂၄၀၀ ကျော်ကို သတ်ဖြတ်ပြီး သမ္မတ ဉီးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူ ၁၆၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ မြန်မာရွေးကောက်ပွဲ နှစ်နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန် ချက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားခဲ့ပါတယ်။
ဒီမိုကရေစီလှုပ်ရှားမှုနဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်သော ဒီမိုကရေစီအနာဂတ်တစ်ရပ် တည်ထောင်ရေး လုပ်ဆောင်နေသူအားလုံးကို အမေရိကန်နိုင်ငံက ဆက်လက်ပံ့ပိုးမှာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်းပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိအခြေအနေအရ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်သလို တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တည်ငြိမ်မှုကို အဟန့် အတားဖြစ်စေမယ်လို့ အန်တိုနီဘလင်ကန်က ပြောပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေက အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် နောက် ဆက်တွဲအကျိုးဆက်တွေကို အရေးယူဖို့ ဆက်လက်လုပ်ဆောင်မယ်လို့ သူက ကတိပြုခဲ့ပါတယ်။
လက်ရှိအချိန်အထိ အမေရိကန်နိုင်ငံက အာဏာသိမ်းစစ်ကောင်စီရဲ့ ကြောက်မတ်ဖွယ်ရာ အကြမ်းဖက်မှု တွေ အပါအဝင် အာဏာသိမ်းမှု သို့မဟုတ် စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ လူပုဂ္ဂိုလ် ၇၄ ဉီးနဲ့ ကုမ္ပဏီ ၂၉ ခုကို အရေးယူခဲ့ပါတယ်။
မြန်မာ့စီးပွားရေးရဲ့ ကာကွယ်ရေးကဏ္ဍမှာ လုပ်ကိုင်နေပြီး မြန်မာစစ်တပ်သို့ စစ်လက်နက်နဲ့ လေယာဉ် အပိုပစ္စည်းတွေ ထောက်ပံ့ပေးနေသူတွေကို အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်မှာ ဒဏ်ခတ်အရေးယူ မှုတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်တွေ၊ လက်နက်ပွဲစားတွေ၊ ခရိုနီတွေ၊ စစ်ကောင်စီနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေိ ကို အမေရိကန်နိုင်ငံက ပစ်မှတ်ထား အရေးယူကာ စစ်လက်နက်နဲ့ ဝင်ငွေရပေါက်တွေကို ပိတ်ပင်ဖို့ ကြိုးပမ်းခဲ့ တာဖြစ်ပါတယ်။
လွန်ခဲ့သောနှစ်နှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုနဲ့ ဆိုးရွားသော လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ ဆက်လက်ကျူးလွန်နေမှုကို လက်တုံ့ပြန်မှုအနေနဲ့ ဉရောပသမဂ္ဂကလည်း နိုဝင်ဘာလ ၈ ရက်မှာ စစ်ကောင်စီနဲ့ လက်နက်ပွဲစားတွေကို ပဉ္စမအကြိမ်မြောက် ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ကြောက်မတ်ဖွယ်ရာ လုပ်ဆောင်မှုတွေကို ဆန့်ကျင်ရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းက စည်းလုံးညီညွတ်စွာ ရပ်တည်တယ်ဆိုတဲ့ သတင်းစကားကို စစ်ကောင်စီနဲ့ ထောက်ခံသူတွေထံ ပေးပို့ခြင်းဖြင့် အမေရိကန်နိုင်ငံက ဗြိတိန်၊ ကနေဒါ၊ ဉရောပသမဂ္ဂ အပါအဝင် မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ အနီးကပ် ဆက် လက် လက်တွဲဆောင်ရွက်မှာဖြစ်ပါတယ်။
ကိုးကား – VOA
Ref; U.S. Remains Committed to Burmese People’s Quest for Democracy