အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ နိုဝင်ဘာလ ၂၄ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့က ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ စစ်ကောင်စီသတင်းပေးတွေ ကင်းစောင့်ရတဲ့ စာသင်ကျောင်းက ထိုင်ခုံတွေ မီးလောင်ခဲ့လို့ စစ်တပ်က ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

ညောင်ပင်ဂရက်ကျေးရွာမှာ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ စစ်ကောင်စီသတင်းပေးတွေသာ ကင်းစောင့်ရတဲ့ စာသင်ကျောင်းမှာ ညပိုင်း ထိုင်ခုံတွေ မီးလောင်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာလ ၂၁ ရက်နေ့ကရောက်ရှိလာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ ရွာက သတင်းပေးဒလန်တွေပဲ ရွာကစာသင်ကျောင်းထိုင်ခုံတွေ မီးရှို့ခံရတယ်ဆိုပြီး သူ့တို့ပထွေးတွေကို သွားခေါ်တာနေမယ် ခုတော့ ရွာဒုက္ခပေးခံရတော့မယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ညောင်ပင်ဂရက်ကျေးရွာမှာ ကြံ့ခိုင်ရေးပါတီဝင်တွေ ကြီးဆိုနေပြီး စစ်ကောင်စီသတင်းပေးတွေနဲ့အတူ ကင်းစောင့်ရတဲ့ စာသင်ကျောင်းက ထိုင်ခုံတွေ မီးရှို့ခံရတယ်ဆိုတာဟာ စောင့်တိုင်သူတွေကိုယ်တိုင် မီးပြန် ရှို့ပြီး စစ်ကောင်စီတပ်သားတွေခေါ်ကာ ကျေးရွာနေပြည်သူတွေ ငွေပြန်ညှစ်ဖို့ စီစဉ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မအူပင်မြို့နယ်အတွင်းမှာ ကျေးရွာအုပ်စုပေါင်း ၈၈ အုပ်စုရှိပြီး စစ်ကောင်စီနဲ့ လက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းတွေက ကျေးရွာနေပြည်သူတွေကို အောက်တိုဘာလကစတင်ကာ ကင်းစောင့်ခိုင်းပြီး ကင်းမစောင့်နိုင်တဲ့ဒေသခံတွေကို တစ်နေ့ ၅၀၀၀ ကနေ ၁၀၀၀၀ ကြားတောင်းယူတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။