ကိုကိုမိုး/ဧရာဝတီတိုင်းမ်
(မရမ်းကုန်း)၊ နိုဝင်ဘာ ၂၃ ရက်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမှတ် ၃ ရက်ကွက်ရှိ နေအိမ်များအား စစ်ကောင်စီတပ်က ကျူးကျော်အမည်တပ်ပြီး ဘူဒိုဇာများဖြင့်ထိုးကာဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကံသာဇေယျုံလမ်းရှိ အိမ်ခြေ ၁၀၀ ကျော်အား နိုဝင်ဘာ ၁၈ ရက်နေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် စည်ပင် ထွေအုပ် ရဲများက လက်နက်အားကိုဖြင့် အနိုင်ကျင့်ကာ ဘူဒိုဇာများဖြင့် ဖျက်ဆီးသွားခဲ့သဖြင့် မိသားစုပေါင်းများစွာနေစရာမရှိပဲ ဒုက္ခရောက်နေကြကြောင်းရပ်ကွက်နေပြည်သူများထံမှသိရသည်။

” ဒီကောင်တွေက ချက်ခြင်းကြီးရောက်ချလာတာ စစ်အုပ်စုတွေရော သူတို့လက်ပါးစေကောင်တွေပါ ပါတယ် ရောက်တာနဲ့ဘာမှယူချိန်မရအောင်ကို ဘူဒိုဇာ ဘက်ဟိုတွေနဲ့အတင်းဝင်ဖျက်ကြတယ်၊ ငိုတဲ့သူငို သူတို့ကို ဓာတ်ပုံရိုက်တဲ့သူတွေကို စစ်ဖိနပ်တွေနဲ့ကန်တယ် ဘာပစ္စည်းမှယူချိန်မပေးဘူး လူသာချင်းစာနာမှုဆိုတာဒီကောင်တွေမှာမရှိဘူးလားမသိပါဘူးဗျာ”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးမှ ဧရာဝတီတိုင်မ်းသို့ ပြောသည်။

စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ အိမ်လာဖျက်တဲ့အချိန်မှာ ဓါတ်ပုံမှတ်တမ်းရယူသူများအား စစ်ကောင်စီတပ်သားတွေက စစ်ဖိနပ်များဖြင့် စောင့်ကန်မှုများပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သားများထွက်သွားချိန်မှသာ အဆောက်အဦအပျက်အစီးကြားမှာ ရသလောက် ပစ္စည်းတွေကို ပြန်လည်ရှာဖွေခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

#မရမ်းကုန်း #ပခုက္ကူ #ဝင်ဖျက်
#Ayeyarwaddy_Times