ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်ထောင်မှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသားများအနက် ၁၁ ဦးကို နို၀င်ဘာလ ၂၂ ရက်နေ့က ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
” ပုသိမ်က လွှတ်တော်ကိုယ်စားလှယ် ကိုသန်းထွဋ်၊ သာပေါင်းက ဦးသိန်းထွန်းနဲ့ အောင်အောင်တို့လည်းပါပါတယ်။ သူတို့နဲ့ အတူဖမ်းမိတဲ့ ၆ ယောက်ရယ်၊ ကဗျာဆရာလူဖန်ခါးနဲ့ ကိုချက်ဖောင်းတို့ကို အနှစ်၂၀ချလိုက်တာ”လို့ ပုသိမ်အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ယခု အမိန့်ချမှတ်မှုဟာ ဒုတိယအကြိမ် ထောင်ဒဏ်ချမှတ်တာဖြစ်ပြီး သူတို့ ၁၁ ဦးစလုံးဟာ တစ်ခြားပုဒ်မတွေနဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ ၃ နှစ်စီချမှတ်ပြီးသားဖြစ်တာကြောင့် တစ်ဦးချင်းစီဟာ ထောင်ဒဏ် နှစ် ၂၀ ကျော် ကျခံရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
သူတို့ ၁၁ ဦးစလုံးဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ ပုဒ်မ ၁၄၄တို့နဲ့ ထောင်ဒဏ်နှစ် ၂၀ ထပ်တိုးချမှတ်ခဲ့တာလို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူများဟာ ပုသိမ်မြို့နယ် NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွဋ်၊ သာပေါင်းမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးသိန်းထွန်း၊ NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦးနဲ့ ပုသိမ်မြို့ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်တဲ့ ဦးဝင်းနိုင်၊ ကိုချစ်သွေးနီ၊ ကိုလတ်(ခေါ်) ကိုဝင်းအောင်သူ ၊ကိုချက်ဖောင်း(ခေါ်)ကိုကျော်လှမိုး၊ကိုကျော်သန်းဦး၊ ကိုအောင်မော်ထွန်း(ခေါ်)ကိုအောင်မော်၊ ဦးစိုးမြင့်မောင်(ခေါ်) ကိုဂျိုး ၊ကဗျာဆရာလူဖန်ခါး(ခေါ်)ကိုထက်လင်းစိုး တို့ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။
ပုသိမ်မြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာပါ၀င်တာကြောင့်စစ်ကောင်စီက ကိုချက်ဖောင်း(ခ)ကိုကျော်လှမိုးနဲ့ကဗျာဆရာ ကိုလူဖန်ခါး(ခ) ကိုထက်လင်းစိုးတို့ကို ပုသိမ်မြို့မှာဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနဲ့ ကျန် ၆ ဦးကို ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ရွှေမြင်တင်ကျေးရွာအုပ်စုက ခြံတစ်ခြံမှာတိမ်းရှောင်နေစဥ် အင်အားသုံးကာပစ်ခတ်ဖမ်းဆီးတာခံခဲ့ရတာလို့ ပုသိမ်မြို့ခံတွေကပြောပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၃၀၀ကျော်နဲ့နှအမျိုးသမီး ၇၀ကျော်ခန့် ရှိနေပြီး နိုင်ငံရေးအကျဥ်းသားများအနက် ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်ခြင်းကိုခံရတဲ့နိုင်ငံရေးအကျဥ်းသား ၁၈၀ကျော်အထိရှိပြီလို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူများထံကသိရပါတယ်။