ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်

ရေးဘီလူးအဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့သေဆုံးသွားတဲ့ ရေးမြို့မရဲစခန်းမှူးရဲ့သားဟာ စစ်ကောင်စီလေတပ်က ဗိုလ်ကြီးအဆင့်ရှိတဲ့ လေတပ်အရာ ရှိတစ်ဦးဖြစ်တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံကသိရပါတယ်။

သေဆုံးသွားတဲ့ ရေးမြို့မရဲစခန်းမှူးဟာ ဒုရဲမှူး လှဌေး ဆိုသူဖြစ်ပြီးဒီကနေ့မနက်အစောပိုင်းက ၎င်းရဲ့လက် အောက်ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ရေး-ထားဝယ်ကားလမ်းအတိုင်းမောင်းနှင်လာစဉ်မှာ ကားလမ်းမပေါ်မှာဘဲ ရေးဘီလူး အဖွဲ့ကပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျည်ဆံထိမှန်ဒဏ်ရာတွေနဲ့သေဆုံးခဲ့တာပါ။

သေဆုံးခဲ့တဲ့ရဲစခန်းမှူးရဲ့ သားဖြစ်သူက စစ်ကောင်စီတပ်ရဲ့ နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) စစ်ရုံးချုပ်က G-3 စစ်ဦးစီးမှူး(တတိယတန်း) အဆင့်ရှိစစ်ကောင်စီလေတပ် အရာရှိတစ်ဦးဖြစ်တယ်လို့ဆိုပါတယ်။

အဲ့ဒီရဲစခန်းမှူးရဲ့သား လေတပ်အရာရှိဟာ နေပြည်တော် ကက(လေ)စစ်ရုံးချုပ်မှ G-3 စစ်ဦးစီးမှူး(တတိယတန်း) ဗိုလ်ကြီး ထက်အောင်ရှိုင်း ဖြစ်ပြီး စစ်တက္ကသိုလ်(DSA) အမှတ်စဉ် ၅၄ ဆင်း စစ်ကောင်စီတပ်အရာရှိ ၁ ဦးဖြစ်တယ်လို့သိရပါတယ်။

”သူ့မိန်းမနာမည်က ဒေါ်ဆွေဆွေဝင်းတဲ့။ သားအကြီးက နေပြည်တော် ကက(လေ)စစ်ရုံး က G-3 ဗိုလ်ကြီး ပါ၊ နာမည်က ထက်အောင်ရှိုင်းတဲ့။ DSA ၅၄ ဆင်းလို့သိရတယ်။ မနက်က သူ့အဖေကို PDF ကပစ်လို့ သေတယ်ဆိုတော့ ဖုန်းဆက်ပြီးပေါက်ကွဲပြီး တော်တော်တင်းနေတယ်လို့ သိရတယ် ။ သူ့သားအငယ်က တော့ ဆယ်တန်းပြီးရုံလောက်ဘဲရှိဦးမယ်” လို့ ရေးမြို့ရဲအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

DSA အမှတ်စဉ် ၅၃ နဲ့ ၅၄ ဆင်း စစ်ကောင်စီတပ်အရာရှိတွေဟာ စီနီယာကပ္ပတိန်ဗိုလ်ကြီးတွေဖြစ်ပြီး နေပြည် တော် စစ်ရုံးတွေမှာတော့ G-3 စစ်ဦးစီးမှူး(တတိယတန်း) အဆင့်ရှိဗိုလ်ကြီးတွေဖြစ်ကာ လေတပ်စစ်ရုံးမှာ ဆိုရင် လက်ရှိအရပ်သားတွေနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို လေကြောင်းနဲ့စစ်ဆင်တိုက်ခိုက်ရေးတွေရဲ့ အဓိကကျတဲ့ညွှန်ကြားချက်တွေပေးရာမှာ ဦးဆောင်ပြုလုပ်သူတွေဖြစ်တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းကဆိုပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီလေတပ်။

#ရေးမြို့ #ရဲစခန်းမှူး #သားဖြစ်သူ #လေတပ်အရာရှိ #AyeyarwaddyTimes