ဧရာဝတီတိုင်းမ်
(မြစ်ငယ်)၊ နိုဝင်ဘာလ ၂၃ ရက်

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် နိုဝင်ဘာလ ၂၂ရက်နှင့် ၂၃ရက်နေ့တို့တွင် ပျူစောထီးအဖွဲ့ဝင် ၂ ဦးဖြစ်သည့် ရာအိမ်မှူးသိန်းမင်းထွန်းနှင့် စစ်ကောင်စီသတင်းပေးမင်းဆွေအား Myitnge People Defense Forceမှပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အမရပူရမြို့နယ်၊ ဖျောက်ဆိပ်ကုန်းရပ်ကွက်ရာအိမ်မှူသိမ်းမင်းထွန်းအား နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် နေအိမ်မှအထွက်တွင်ပစ်သတ်ခဲ့ပြီး မြစ်ငယ်မြို့ သရက်တန်းကျေးရွာတွင် နေထိုင်သူNon CDMတစ်ဦးဖြစ်သူ သတင်းပေးမင်းဆွေကိုမူ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ၁၀ ချက်ခန့်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ရာအိမ်မှူး သိန်းမင်းထွန်းသည် စစ်ကောင်စီအားသတင်းပေးတိုင်ကြားခြင်း၊ ကျူးရှင်းလင်းရေးဟုဆိုကာ ပြည်သူများ၏နေအိမ်များဖျက်ဆီးခြင်းတွင်အဓိကပါဝင်ခဲ့ပြီး ၎င်းအား မြစ်ငယ်အမျိုးသမီးPDFအဖွဲ့မှ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

“မင်းဆွေက ပျူစောထီးခေါင်းဆောင်ရဲ့ညီအရင်း၊ ခုသူတို့ ၂ ယောက်လုံးကတစ်ဖွဲ့တည်းတွေပါ၊ အချင်းချင်းချိတ်ဆက်လှုပ်ရှားနေကြတာ၊ရာအိမ်မှူးသိန်းမင်းထွန်းက ပြည်သူ့စစ်အမည်ခံပျူ‌ေစာထီး၊ သူ့ကိုက နှုတ်ခမ်းနီ ၇ တောင့်နဲ့ရှင်းခဲ့တယ်။” ဟု Myitnge People Defense Forceတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

Non – CDM တစ်ဦးဖြစ်သူ မင်းဆွေမှာ စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်ပြီး ၎င်းတိုင်ကြားမှုကြောင့်ဖမ်းဆီးခံရသူ ၄ ဦးနှင့်အထက်ရှိကာ မြစ်ငယ်PDFအဖွဲ့ဝင်များ၏သတင်းများကိုစစ်ကောင်စီထံပေးခြင်း၊ စစ်ကောင်စီနှင့်အတူလိုက်လံအိမ်ချိတ်ပိတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်းလည်း သိရသည်။

Myitnge People Defense Forceနှင့်ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာလ ၁၅ ရက်တွင် မြောင်မြို့နယ်အားမီးရှို့စစ်ကြောင်းထိုးနေသည့်တပ်အား ကြားဖြတ်တိုက်ခိုက်ရာ တပ်သား ၃ ဦးနှင့်အထက်သေဆုံးခဲ့ကြောင်း သိရသည်။