ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ မြဝတီ-ဝေါလေလမ်းပိုင်း ဘလက်ဒိုရွာအနီးရှိ စခန်းချနေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်) ညပိုင်းတွင် တော်လှန်ရေးအင်အားစု များက ဒရုန်းဗုံးဖြင့်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ပြီး တပ်ရင်းမှူးအပါအဝင် ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNLA တပ်မဟာ ၆ သတင်းရင်းမြစ်များထံက သိရသည်။
တော်လှန်ရေးအင်အားစုများက ခမရ ၁၀၂ တပ်အခြေ စိုက်ရာ စစ်ကောင်စီစခန်းကို ယမန်နေ့ည ၁၁ နာရီဝန်းကျင်အထိ ဒရုန်းဗုံးအလုံးရေ ၃၀ ကျော်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီ တပ်ဘက်မှ
၈ ဦးသေဆုံးပြီး ခမရ ၁၀၂ တပ်ရင်းမှူး ဗိုလ်မှူး ဇော်မျိုးအောင် အပါအဝင် ၁၀ ဦးကျော်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းသိရသည်။
”မနေ့ညက ဘလက်ဒိုနားကိုရောက်လာတဲ့စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ကြဲတာလို့သိရတယ်။ ဒရုန်းတွေနဲ့ ၇ ခေါက် ၈ ခေါက်လောက် အလုံးရေ ၃၀ ကျော်လောက်ကြဲချတာ။ ညဦးပိုင်းကနေ ညနက်တဲ့အထိကြဲတာ။ စကစ ဘက်ကလည်း ၁၂၀ မမတွေနဲ့ပြန်ပစ်တယ်။ ဒရုန်းလာရာလမ်း ကြောင်းကိုမှန်းပစ်တာ။ ညကတိုက်ပွဲ ခမရ ၁၀၂ တပ်က ၈ ယောက်လောက် သေတယ်၊ ဒဏ်ရာရတာက ၁၀ ယောက်ကျော်လောက် ရှိတယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့ထဲမှာ ၁၀၂ တပ်ရင်းမှူးလည်း ပါတယ်။ ဒဏ်ရာရတဲ့သူတွေကို သယ်ပြီး ဆေးရုံ ပို့တယ်လို့ သိရတယ်။ ဘယ်ဆေးရုံကို ပို့လဲတော့ မသိရဘူး’ဟု KNLA သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်နှင့်ဝေါလေဒေသအကြားကို စစ်ကောင်စီတပ်မှ တပ်မ ၄၄ လက်အောက် ခံတပ်ရင်းများဖြင့် တိုက်ခိုက်ရေးဝင်ရောက်နေခြင်းဖြစ်ပြီး ယမန်နေ့ညက တော်လှန်ရေး အင်အားစုများ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခမရ ၁၀၂ တပ်ရင်းမှူး ဗိုလ်မှူး ဇော်မျိုးအောင် ဒဏ်ရာရသွားသဖြင့် ယာယီ တပ်ရင်းမှူးကို အခြားသော အရာရှိတစ်ဦးအား ခန့်အပ်၍ တပ်ကိုဦးစီးခိုင်းထားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား မည်သည့်အဖွဲ့လုပ်ဆောင်သည်ကို တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ် ပြန်ခြင်းမရှိသေးပေ။
ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်မှ ကရင်ပြည်နယ်၊ KNU တပ်မဟာ(၆)နယ်မြေအတွင်း ကော်ဘရာစစ် ကြောင်း၏ ရိက္ခာပို့သည့်ကားအား ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ကော်ဘရာစစ်ကြောင်းမှ အသက် ၂၈ နှစ်အရွယ် အဲမူး၊ ၂၂ နှစ်အရွယ် လုလုဖော်နှင့် အသက် ၂၀ အရွယ် ရဲဘော်ကျော်ကြီးတို့ ကျဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ဖက်ဒရယ်ဝင်းဒ်(ပုံဟောင်း)။
#ဝေါလေ #ဘလက်ဒို #တိုက်ပွဲသတင်း #KNLA #တပ်မဟာ ၆ #Ayeyarwaddy_Times