ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မရဲ
စခန်းအချုပ်မှ နိုဝင်ဘာလ ၂၂ ရက် မနက်အစောပိုင်းက ထွက်ပြေးသွားသည့် အချုပ်သား ၅ ဦး မှ ၄ ဦးလွတ် မြောက်နေကာ ၁ ဦးပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
ပြန်လည်ဖမ်းဆီးခံခဲ့ရသူမှာ ဘုတ်ပြင်းဒေသခံမဟုတ်သည့်အသက်ကြီးပိုင်းအချုပ်သားဖြစ်ပြီး ဘုတ်ပြင်း သင်္ချိုင်း အနီး အိပ်ပျော်နေရာမှပြန်လည်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ကျန် ၄ ဦးမှာလွတ်မြောက် နေဆဲဖြစ်သည်ဟု ဆို သည်။
”ထွက်ပြေးသွားတဲ့အထဲက အသက်ကြီးပိုင်းအဖိုးကြီး ၁ ဦး ပြန်မိလာတယ်၊ သူက ဘုတ်ပြင်းမြို့ခံမဟုတ်ဘူးလို့ သိရတယ်။ မြို့ခံမဟုတ်တော့မပြေးတတ်လို့နေမှာ ပြေးတဲ့အချိန်ကလည်း မနက် ၃ နာရီလောက်ကြီးဆိုတော့။ ဘုတ်ပြင်း သင်္ချိုင်းနားမှာ အိပ်ပျော်နေတာကိုမိသွားတာ။ သူ့ကိုစစ်ဆေးပြီးတခြားသူတွေကိုမေးတော့ သူ့ထွက်ဆိုချက်အတိုင်း မနေ့ကတနေကုန် ရွှေသာလျောင်းဘုရားအနောက်ရဲ့ဓနိတောထဲသဲကြီးမဲကြီးလိုက်ရှာနေကြတာ။ ဒီနေ့ထိတော့မိတယ်မကြားသေးဘူး” ဟု ဘုတ်ပြင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြန်လည်ဖမ်းဆီးခံရသူမှာ မူးယစ်ဆေးဝါးမှုနှင့်ဖမ်းဆီးခံထားရသူဟုသိရပြီး တော်လှန်ရေးသမား ၁ ဦးနှင့် CDM ရဲ ၁ ဦးအပါအဝင် ကျန် ၄ ဦးမှာလွတ်မြောက်နေဆဲဖြစ် ကြောင်းသိရသည်။
ထို့အပြင် အချုပ်သားများ လွတ်မြောက်သွားသဖြင့် ဘုတ်ပြင်းရဲစခန်းမှ ကင်းစောင့်တာဝန်ကျရဲနှင့် ကင်းမှူးတို့ ဖမ်းဆီးအချုပ်ချခံထားရပြီး စစ်ဆေးခံနေရကြောင်း အဆိုပါရဲစခန်းနှင့်နီးစပ်သူများထံကသိရသည်။
”အဲ့ဒီအချုပ်သားတွေထွက်ပြေးသွားတဲ့ကင်းချိန်မှာတာ ဝန်ကျတဲ့ရဲက ရည်စိုး တဲ့ရဲနာမည်က ၊ အဲ့ဒီရဲနဲ့ အဲ့ဒီကင်း တွဲက ကင်းမှူးကိုအချုပ်သားလွတ်တဲ့အမှုနဲ့ အချုပ်ချပြီးစစ်ဆေးခံနေရတယ်” ဟု ဘုတ်ပြင်းရဲစခန်းနှင့်နီးစပ် သည့်ဒေသခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အချုပ်သားများလွတ်မြောက်နေဆဲဖြစ်၍ စစ်ကောင်စီတပ်မှ ဘုတ်ပြင်းမြို့ကိုလုံခြုံရေးတင်းကြပ်ထားပြီး မြို့အနီးတဝိုက်နှင့်ကျေးရွာများအထိပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေကြောင်းသိရသည်။
#ဘုတ်ပြင်း #ရဲစခန်းအချုပ် #အချုပ်သားထွက်ပြေး #၄ ဦးလွတ်မြောက် #၁ ဦးဖမ်းဆီးခံရ #Ayeyarwaddy_Times