ဧရာဝတီတိုင်းမ်
(မတူပီ)၊ နိုဝင်ဘာလ ၂၃ ရက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားမှုကြောင့် ခရစ်ယာန်ဘာသာဝင်များ ညအချိန် ဘုရားကျောင်းတက် ဝတ်ပြုခွင့်မရကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတူပီမြို့တွင် စစ်ကောင်စီတပ်က ညဘက်မထွက်ရအမိန့်များချမှတ်ခြင်း၊ ဘုရားကျောင်းမှ ပြန်လာသည့် ခရစ်ယာန်ဘာသာဝင်များအပေါ် ရိုက်နှက်စစ်ဆေးခြင်း သင်းအုပ်ဆရာများအား ဘုရားဝတ်ပြုမှုကို ပိတ်ပင်ပေးရန် ဖိအားပေးတားမြစ်ခြင်းနှင့် ညအချိန် စစ်တပ်အင်အားအများအပြားဖြင့် ဧည့်စာရင်းစစ်ခြင်းတို့ကြောင့် လွတ်လပ်စွာ ဘုရားကျောင်းတက်ဝတ်ပြုခွင့်မရကြောင်း ​ဒေသခံများထံမှ သိရသည်။

“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မတူပီမြို့မှာ ညဘက်မှာ အပြင်မထွက်ရဆိုတဲ့ အမိန့်ကို လရှည်သတ်မှတ်တာတွေရှိတယ်။ ဒါကိုလည်း ကျွန်တော်တို့ဘက်က အပြည့်အဝလိုက်နာပေးတယ်။ အဆိုပါအမိန့်ကို ရုတ်သိမ်းပြီး ပုံမှန်အတိုင်း ညဘက်မှာ ဝတ်ပြုခြင်းအစီအစဉ်တွေ ပြန်လုပ်တော့ ဘုရားကျောင်းကနေ အိမ်အပြန်လမ်းမှာ စစ်ကောင်စီတပ်တွေက ပြည်သူတွေကို ဖမ်းဆီးပြီး ရိုက်နှက်တာတွေ ပြုလုပ်တယ်။ ပြီးတော့ လုံခြုံရေးကို အကြောင်းပြပြီးတော့ ညဘက်မှာ ဘုရားဝတ်ပြုခြင်းတွေ မပြုလုပ်ဖို့အတွက် အသင်းတော်တိုင်းရဲ့ သင်းအုပ်ဆရာတော်တွေ ဖိအားပေးခံရတယ်။ အခုတော့ ခရစ်ယာန်ဘာသာရဲ့ ညဘက်မှာ ဘုရားဝတ်ပြုတဲ့ ထုံးရိုးအစဉ်အလာတွေ ဆုံးရှုံးပျက်ပြယ်သွားသလို ဖြစ်နေပြီ” ဟု မတူပီမြို့ခံ ခရစ်ယာန်ဘာသာဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မတူပီမြို့၏ စစ်ကောင်စီတပ်များ ထိန်းချုပ်ထားသည့် နေရာအချို့တွင်သာ ခရစ်ယာန်ဘာသာဝင်များ ဘုရားဝတ်ပြုခွင့်မရသော်လည်း ဒေသကာကွယ်ရေးထိန်းချုပ်ထားသော နေရာများတွင်မူ ဘုရားဝတ်ပြုခြင်းအစီအစဉ်များကို လွတ်လပ်စွာ ပြုလုပ်ခွင့်ရှိသည်ဟု ဒေသခံများဆိုသည်။

“မတူပီမြို့ထဲမှာဆိုရင် ညနေ ၆ နာရီနောက်ပိုင်း ပြည်သူတွေ အပြင်မထွက်ကြတော့ဘူး။ မတူပီမြို့နဲ့ အလွန်နီးကပ်တဲ့ ကျေးရွာတစ်ချို့မှာလည်း ညဘက်ဝတ်ပြုခြင်းအစီအစဉ်တွေ မလုပ်နိုင်တော့ဘူး။ အလားတူ ချင်းထုံးစံဖြစ်တဲ့ အသုဘနေအိမ်တွေမှာ ညဘက်ဝတ်ပြုခြင်းအစီအစဉ်တွေကို မလုပ်တော့ဘူး။ ဒါပေမယ့် ဒေသကာကွယ်ရေး တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေမှာတော့ လွတ်လွတ်လပ်လပ်နေထိုင်သွားလာ လို့ရတယ်။ ဝတ်ပြုလို့ရပါတယ်”လို့ မတူပီမြို့၊ ကျေးရွာနေဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မတူပီမြို့တွင်းတွင်သာမက မြို့အနီးရှိ ကျေးရွာအချို့တွင်လည်း ဘုရားကျောင်းတက်ဝတ်ပြုခြင်းသာမက ချင်းရိုးရာဓလေ့ထုံးစံတစ်ခုဖြစ်သည့် အသုဘနေအိမ်များတွင် ညဘက်ဘုရားဝတ်ပြုခြင်းများကိုလည်း မပြုလုပ်နိုင်တော့ကြောင်း ကျေးရွာနေဒေသခံများထံမှ သိရသည်။

အလားတူ မင်းတပ်မြို့၊ ကန်ပက်လက်မြို့၊ ပလက်ဝမြို့နှင့် အခြားမြို့နယ်များတွင်လည်း ခရစ်ယာန်ဘာသာဝင်များ လွတ်လပ်စွာ ဘုရားကျောင်းတက်ဝတ်ပြုခွင့်မရကြောင်း ဒေသခံများထံမှ သိရသည်။

#မတူပီ #စစ်ကောင်စီ #လုံခြုံရေးတင်းကြပ် #ခရစ်ယာန်ဘာသာဝင် #ဘုရားကျောင်းတက်ဝတ်ပြုခွင့်
#Ayeyarwaddy_Times