ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ နိုဝင်ဘာလ ၂၂ ရက်နေ့က အမျိုးသား ၁ ဦး ဆင်နင်းခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပျဉ်းမထုံးကျေးရွာအုပ်စု၊ ဆနွင်းကွင်းကျေးရွာနားမှာ အသက် ၄၅ နှစ်အရွယ် ကိုကျော်မိုးဦးဆိုသူဟာ ဆင်နင်းခံရပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၂ နာရီခွဲလောက်ဖြစ်တာပေါ့ တောထဲမှာဆိုတော့ သိပ်တော့မသိရဘူး အသံတွေဘာတွေလည်း မကြားလိုက်ရဘူး မနက်ရောက်မှ တောထဲဝင်တဲ့လူတွေက တွေ့တာလို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဆင်နင်းခံရလို့ သေဆုံးခဲ့တဲ့ အမျိုးသားဟာ တောထဲဝင်ပြီး သစ်ခုတ်၊ ဝါးခုတ်လုပ်ငန်းနဲ့ မိသားစု စားဝတ်နေရေး ဖြေရှင်းနေရတဲ့သူလည်းဖြစ်တယ်လို့ ဆိုပါတယ်။
သာပေါင်းမြို့နယ်အတွင်းမှာ ၂၀၂၂ ခုနှစ်အတွင်း ဆင်နင်းခံရပြီး သေဆုံးသူ ၂ ဦးထိရှိလာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။