နွေဦး/ဧရာဝတီတိုင်းမ်
(မြဝတီ)၊ နိုဝင်ဘာလ ၂၃ ရက်
ကရင်ပြည်နယ်၊ KNU တပ်မဟာ(၆)နယ်မြေအတွင်း ကော်ဘရာစစ်ကြောင်း၏ ရိက္ခာပို့သည့်ကားအား ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်မှကြားဖြတ်တိုက်ခိုက်၍ ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ကော်ဘရာစစ်ကြောင်း၏ ရိက္ခာတင်ကားမှာ ဝေါလေကားလမ်းမပေါ် ဒေသအခေါ် ဘလက်တိုအနီးတွင် စစ်ကောင်စီတပ်၏ ချောင်းမြောင်းပစ်ခတ်ခံရခြင်းဖြစ်ကြောင်းကော်ဘရာစစ်ကြောင်းနှင့် နီးစပ်သည့် တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
“မနေ့ကညနေမှာ ရိက္ခာတင်တဲ့ကား ကြားဖြတ်အတိုက်ခံရတယ်။ ကားပေါ်ပါတဲ့ ၁၀ ယောက်မှာ ၅ ယောက်လွတ်သွားတယ်။ ၂ ယောက် ဒဏ်ရာရတယ်။ ကြားဖြတ်တိုက်တော့ ကားကမှောက်သွားပြီး အထဲမှာပိတ်မိနေတာကို ဒီမနက်မှ ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတယ်” ဟု ကော်ဘရာစစ်ကြောင်းနှင့် နီးစပ်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကြားဖြတ်တိုက်ခိုက်ခံရမှုအပြီးတွင် နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော် ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
ကြားဖြတ်တိုက်ခိုက်ခံရမှုမှာ ယမန်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညပိုင်းအချိန်အထိ ရိက္ခာတင်ကားအနီး စစ်ကောင်စီတပ်များက ပိတ်ဆို့တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် ကျဆုံးရဲဘော် ၃ ဦးနှင့် ဒဏ်ရာရသူ ၂ ဦးအား ယနေ့ မနက်ပိုင်းမှသာ ကော်ဘရာစစ်ကြောင်းမှ ခက်ခက်ခဲခဲ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ကော်ဘရာစစ်ကြောင်းမှ ကျဆုံးရဲဘော် ၃ ဦးမှာ အသက် ၂၈ နှစ်အရွယ် အဲမူး၊ ၂၂ နှစ်အရွယ် လုလုဖော်နှင့် အသက် ၂၀ အရွယ် ရဲဘော်ကျော်ကြီးဖြစ်ကြကြောင်း ကော်ဘရာစစ်ကြောင်းနှင့် နီးစပ်သည့် တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
#ကော်ဘရာစစ်ကြောင်း #ရိက္ခာတင်ကား #ကြားဖြတ်တိုက်ခိုက် #ကျဆုံး
#Ayeyarwaddy_Times